၁၂ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိ အစည်းအဝေးကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်က အွန်လိုင်းဗီဒီယိုလင့်ခ်ဖြင့် ကျင်းပခဲ့သည်။ လန်ချန်း-မဲခေါင်ခြောက်နိုင်ငံမှ ကိုယ်စားလှယ်များသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်မှုကို အကျဉ်းချုပ် သုံးသပ်ပြီး နောက်တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု အရေးကြီးသောလုပ်ငန်းများနှင့် ၁၀ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွက် ပြင်ဆင်မှုများ စသည့်ကိစ္စရပ်များကို အဓိကထားပြီး နက်နက်ရှိုင်းရှိုင်း အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး စွန်းဝေ့တုန်းက ယခုနှစ်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးယန္တရား၏ ဆယ်နှစ်ပြည့် ဖြစ်ပြီး ကမ္ဘာ့ရာစုနှစ်အတွင်း အရှိန်မြင့်မားစွာ တိုးတက်ပြောင်းလဲနေသောအခြေအနေနှင့် ရှုပ်ထွေးလှသည့် နိုင်ငံတကာအခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ နိုင်ငံအသီးသီးသည် ယခင်ကာလများထက် ပိုမိုစည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တရုတ်နိုင်ငံသည် “ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာ မှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှု ရှိခြင်း” ဟူသောအိမ်နီးချင်းနိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ မဲခေါင်နိုင်ငံများနှင့် မဟာဗျူဟာမြောက်ဆက်ဆံရေးကို အားကောင်းစေရန်၊ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ခိုင်မာသော လုံခြုံရေးအကာအကွယ်ကို ခိုင်မာအောင် တည်ဆောက်ရန် ပြည်သူချင်း စိတ်ချင်းချိတ်ဆက်ရေးကို တိုးမြှင့်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင်နိုင်ငံ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရန် အားကောင်းသောတွန်းအား ဖြည့်တင်းပေးမည်ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ရွှေရောင်ဆယ်စုနှစ်သစ်ကို အတူတကွ စတင်မည်ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံအသီးသီးက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ကြီးမားသောအောင်မြင်မှုများကို ချီးကျူးဂုဏ်ပြုကြောင်း၊ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု ခိုင်မာစေရေး၊ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်မြှင့်တင်ရေး တွန်းအားပေးရန်၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် အတူတကွ လက်တွဲဆောင်ရွက်ရန်၊ လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး တွန်းအားပေးပြီး ဒေသတွင်း နိုင်ငံများ၏ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးရှိစေရန် ဆောင်ရွက်သွားလိုကြောင်း ဖော်ပြကြသည်။