တရုတ် စီးပွားရေး ခြေလှမ်းမှန်မှန်ဖြင့် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းသည် ကမ္ဘာ အတွက် အကျိုးပြုမည်

CGTN, August 4, 2025
Size:

ယခုလ ၁၅ရက်နေ့က တရုတ် အစိုးရသည် ယခုနှစ် ပထမ နှစ်ဝက်ပိုင်း အတွင်း တရုတ် စီးပွားရေး လည်ပတ်မှု အခြေအနေကို ထုတ်ပြန်ခဲ့ပါသည်။ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် စီးပွားရေး တိုးတက်နှုန်းမှာ ၅.၃ရာခိုင်နှုန်း ရှိကြောင်း၊ အလုပ်လက်မဲ့နှုန်းကို အခြေခံ အားဖြင့် တည်ငြိမ်စွာ ထိန်းသိမ်းထားနိုင်ပြီး ကုန်ဈေးနှုန်းကို နိမ့်သည့် အဆင့်အတွင်း ထိန်းသိမ်းထား နိုင်ကာ နိုင်ငံတကာ ဝင်ငွေနှင့် ထွက်ငွေကို အခြေခံ အားဖြင့် ညီမျှအောင် ထိန်းသိမ်းထား နိုင်၍ နိုင်ငံခြား အရန်ငွေ ထားရှိမှု ပမာဏမှာ ကန်ဒေါ်လာ ၃.၂ ထီရီလီယံကျော်ကို ထိန်းသိမ်း ထားနိုင်ခဲ့ကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရသည်။ ကမ္ဘာ့ စီးပွားရေး တိုးတက်မှု နှေးကွေးပြီး နိုင်ငံတကာ စီးပွားကုန်သွယ်ရေး စည်းစနစ်ကို ကုန်သွယ်မှု စစ်ပွဲမှ ဆိုးရွားစွာ ထိခိုက်စေခဲ့သည့် အခြေအနေမျိုးတွင် တရုတ် စီးပွားရေးသည် ယင်းသို့သော အောင်မြင်မှု များ ခက်ခဲစွာ ရရှိခဲ့ကြောင်း ရိုက်တာ သတင်းဌာန အပါအဝင် နိုင်ငံခြား မီဒီယာများက ဖော်ပြခဲ့ကြသည်။ မကြာခင်က နိုင်ငံတကာ အဖွဲ့အစည်း များစွာမှ တရုတ် စီးပွားရေး တိုးတက်မှု ခန့်မှန်းခြေကို တိုးမြှင့်ခြင်းသည်  တရုတ် စီးပွားရေး အပေါ် ဘက်အသီးသီး ယုံကြည်မှု ရှိခြင်းကို ပြဆို နေသည်။

တစ်ချိန်တည်းတွင် တရုတ် စီးပွားရေး၏ တွန်းအားသစ်များ အဆက်မပြတ် တိုးပွားလာ ပြီး အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားသည် အရှိန်မြင့် ဖွံ့ဖြိုးတိုးတက်လာသည်။ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် အဆင့်မြင့် နည်းပညာ လုပ်ငန်း၏ ထပ်တိုးတန်ဖိုးသည် ယခင်နှစ် အလားတူ အချိန်ပိုင်းကထက် ၉.၅ရာခိုင်နှုန်း တိုးလာသည်။ အဖိုးတန်လှသည့်အချက်မှာ အခွန်စစ်ပွဲ အပါအဝင် ပြင်ပ ဖိအားဒဏ်များကို ခံခဲ့ရသော်လည်း ယခုနှစ် ပထမ နှစ်ဝက်ပိုင်း တွင် တရုတ်နိုင်ငံ၏ ကုန်ပစ္စည်း ကုန်သွယ်မှု သွင်းကုန်ပို့ကုန် ပမာဏမှာ ယွမ်ငွေ ၂၁.၇၉ ထီရီလီယံ ရှိပြီး ယခင်နှစ် အလားတူ အချိန်ပိုင်းကထက် ၂.၉ရာခိုင်နှုန်း တိုးလာကာ လွန်ခဲ့သည့် နှစ်များ၏ အလားတူ အချိန်ပိုင်းကထက် စံချိန်သစ်တင်နိုင်ခဲ့ပြီး အားကောင်း သော ရေရှည်ခိုင်မာမှုရှိခြင်းကို ပြသနေသည်။

တရုတ် ပြည်သူ့ တက္ကသိုလ် ပါမောက္ခ ဝမ်ရှော့စုန်းက ကောင်းမွန်သော စက်မှု လုပ်ငန်း အခြေခံအုတ်မြစ်၊ ကျယ်ပြန့်သော ဈေးကွက်၊ အလွန်ကြီးမားသော ရှေ့အလားအလာနှင့် ဆန်းသစ်တီထွင်မှုဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးခြင်း မဟာဗျူဟာ စသည့် အချက်များသည် တရုတ် စီးပွားရေး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအား ပေးသည့် အကြောင်းရင်းများ ဖြစ်ကြကြောင်း ပြောကြားခဲ့သည်။ ထို့အပြင်၊ တရုတ် အစိုးရမှ ပြည်တွင်း ဝယ်လိုအား တိုးချဲ့ရန်၊ ထုတ်လုပ်မှု မြှင့်တင်ရန်၊ စီးပွားရေး လည်ပတ်မှု ချောမွေ့စေရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တည်ငြိမ်စေရန် အတွက် မူဝါဒများကို ချမှတ် ကျင့်သုံးခဲ့ခြင်းသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မှုပင်ဖြစ်သည်။

ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး စီးပွားရေး အုပ်စု ဖြစ်သည့် အနေဖြင့် တရုတ် စီးပွားရေး ခြေလှမ်းမှန်မှန်ဖြင့် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းသည် ကမ္ဘာ အတွက် အကျိုးပြုမည် ဖြစ်သည်။ တံခါးဖွင့်ထားသော တရုတ် နိုင်ငံသည် အခွင့်အလမ်းသစ်များကို ဖန်တီးနေသည်။ ပြင်ပ ပတ်ဝန်းကျင် ရှုပ်ထွေးခက်ခဲတင်းမာနေသေး သော်လည်း တရုတ် စီးပွားရေး၏ ရေရှည်ခိုင်မာမှု ရှိခြင်းနှင့် တံခါးဖွင့်မှုကို အဆက်မပြတ် တိုးချဲ့ဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်မှုကြောင့် တရုတ် စီးပွားရေးက ကမ္ဘာ့ စီးပွားရေးကို တည်ငြိမ်စေတဲ့ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မြဲ ရှိနေသေးကြောင်းကို ကမ္ဘာအား ယုံကြည်စေနိုင်သည်။