မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၂၀၂၅ ခုနှစ် မြန်မာ နိုင်ငံတကာမော်ကော်ကားပြပွဲအား လာရောက်လေ့လာသူများကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရန်ကုန် ကွန်ဗင်းရှင်းစင်တာရှိ လင်းလက်တောက်ပသော ကားအရောင်းပြခန်းမီးအလင်းရောင်အောက်ဝယ် ကြော့မော့ခန့်ညားလှသော လျှပ်စစ်ကားများ (EV) အား ခင်းကျင်းပြသထားသည်။ တောက်ပြောင်နေသော ကားဒက်ရှ်ဘုတ်များ၊ AI လုပ်ဆောင်ချက်များနှင့် စိတ်အားထက်သန်စွာ စူးစမ်းလေ့လာနေသော ကားချစ်သူပရိသတ်များက ကာဗွန်ထုတ်လွှတ်မှုပိုမိုကင်းစင်သော မော်တော်ကားအနာဂတ်အပေါ် မြန်မာနိုင်ငံ၏ စိတ်ပါဝင်စားမှု မြင့်မားလာခြင်းကို ဖော်ပြလျက်ရှိသည်။
ဇူလိုင် ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်ကြာ ကျင်းပသော ၂၀၂၅ ခုနှစ် မြန်မာ နိုင်ငံတကာမော်ကော်ကားပြပွဲက အမှတ်တံဆိပ် ၃၀ ကျော်ကို အတူတကွစုစည်းပြသခဲ့ကာ ယင်းအနက် အများစုမှာ တရုတ်မော်တော်ကား အမှတ်တံဆိပ်များပင် ဖြစ်သည်။
BYD ၊ Leapmotor ၊ VOYAH ၊ NETA ၊JMEV နှင့် အခြားအမှတ်တံဆိပ်များဖြင့် တရုတ် မော်တော်ကားထုတ်လုပ်သူများက အဆိုပါပြပွဲ၌ ဝင်ရောက်ပြသလျက် လာရောက်လေ့လာသူများ၏ စိတ်ပါဝင်စားမှုကို ဆွဲဆောင်ထားနိုင်ခဲ့သည်။ လျှပ်စစ်ကားများက ဈေးကွက်အနေအထားအရ အရွယ်အစားသေးငယ်လင့်ကစား ဝယ်သူများ၏ စိတ်ဝင်စားမှု မြင့်တက်လာခြင်းကို ယင်းပြပွဲက အလေးထားဖော်ပြနေကြောင်း ပြပွဲပြသသူများက ဆိုသည်။
ယင်းပြပွဲ၌ အမြင်သာဆုံး ကားအမျိုးအစားများအကြား EV Power ကုမ္ပဏီက တင်သွင်းထားသော တရုတ် EV ကားအမှတ်တံဆိပ်ဖြစ်သော BYD ကားအမျိုးအစားပင်ဖြစ်သည်။ မော်တော်ကားလုပ်ငန်းအတွေ့အကြုံ နှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်သော EV Power ကုမ္ပဏီ ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က BYD အမှတ်တံဆိပ်က ကမ္ဘာတစ်ခွင်ရော ပြည်တွင်း EV ဈေးကွက်တွင်ပါ ဦးဆောင်လျက်ရှိကြောင်း ပြောခဲ့သည်။
“BYD ကားတွေကို ကျွန်တော်စပြီးတင်သွင်းတာ တစ်နှစ်လောက်တော့ရှိပါပြီ။ လူတွေကလည်း ဒီ brand ကို ယုံကြည်မှုရှိပြီးသားဖြစ်ပါတယ်” ဟု ဦးမင်းမင်းမောင်က ဆိုသည်။
EV ကားများအတွက် ဝယ်လိုအားအနေဖြင့် အထူးသဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် များပြားလာကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ သို့ရာတွင် ပုံမှန် လောင်စာဆီသုံးအင်ဂျင်ကား (ICE) များနှင့် နှိုင်းယှဉ်ပါက ဝယ်လိုအားများပြားနေသည့်တိုင် EV ကားများ၏ ထိုးဖောက်ဝင်ရောက်မှုများအနေဖြင့် လွန်စွာ နည်းပါးနေကြောင်း ၎င်းက ဆိုသည်။
“မြန်မာနိုင်ငံမှာ EV ကားတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က တရုတ်နိုင်ငံကပါ။ အစိုးရကလည်း ဒီကဏ္ဍမှာ ပံ့ပိုးပေးမှုပေးနေပြီးတော့ EV အသုံးပြုမှုကိုလည်း အားပေးနေပါတယ်” ဟု ဦးမင်းမင်းမောင်က ပြောခဲ့သည်။
မြန်မာနိုင်ငံတွင် EV ကားအများဆုံးမှာ Completely Built-Up (CBU) ပုံစံဖြင့် တင်သွင်းထားခြင်းဖြစ်ပြီး Leapmotor ကားများကဲ့သို့ အမျိုးအစားအနည်းငယ်သာလျှင် မော်တော်ကားအစိတ်အပိုင်းအချို့ကို ပြည်တွင်း၌ တပ်ဆင်သည့် Semi Knocked Down (SKD) ပုံစံဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ပြပွဲ၌ ဝင်ရောက်ပြသသူများက ဆိုသည်။
EV ကားများ၏ အကြီးမားဆုံးကြုံတွေ့နေရသည့် အခက်အခဲမှာ လျှပ်စစ်မီးတည်ငြိမ်စွာရရှိမှုနှင့် အားသွင်းရုံ စသည့် အခြေခံအဆောက်အအုံပင် ဖြစ်ကြောင်း မော်တော်ကားတင်သွင်းသူများက ပြောပြခဲ့သည်။ လက်ရှိအနေအထားအရ EV ကားများဝယ်ယူရန် အသင့်လျော်ဆုံးသူများအနေဖြင့် လုံးချင်းအိမ်များစွာရှိပြီး လျှပ်စစ်မီးထိုက်သင့်သလောက်မှန်မှန်ရရှိကာ တစ်နေရာမှတစ်နေရာသို့ သွားလာရာတွင် အလှမ်းဝေးသော နေပြည်တော်မှ ဖြစ်ကြောင်း ဦးမင်းမင်းမောင်က ၎င်း၏အမြင်ကို ပြောပြခဲ့သည်။
ပြပွဲ၌ ဝင်ရောက်ပြသခဲ့ကြသော တရုတ်ဇိမ်ခံကား EV ကားအမှတ်တံဆိပ်များတွင် Dongfeng Motor Corporation မှ VOYAH အမှတ်တံဆိပ်လည်း ပါဝင်သည်။ AI ကင်မရာများနှင့် စမတ်နည်းပညာသုံး စနစ်များ အပါအဝင် နည်းပညာပိုင်းဆိုင်ရာလုပ်ဆောင်များနှင့် စပ်လျဉ်း၍ VOYAH ကားအရောင်းပြခန်း၏ အရောင်းကိုယ်စားလှယ် မမေသဇင်မိုးက ပြောခဲ့သည်။ “ကျွန်မတို့က EV ကားတွေပဲ တင်သွင်းတာပါ။ Dongfeng က luxury ရော ဘတ်ဂျက်ကားတွေရောပေါ့” ဟု ၎င်းက ဆိုသည်။
Yoma Motors ၏ national sales manager ကို Angus Lin ကလည်း ၎င်းတို့ကုမ္ပဏီအနေဖြင့် SWM နှင့် Hongqi စသည့် မော်တော်ကားအမှတ်တံဆိပ်များအား ပြပွဲ၌ ဝင်ရောက်ပြသခဲ့ပြီး တရုတ်ကားတင်သွင်းခြင်းလုပ်ငန်းသို့ ပထမဆုံး ဝင်ရောက်ခဲ့ကြောင်း ပြောခဲ့သည်။
“ကျွန်တော်တို့ သွင်းထားတဲ့ကားတွေက luxury မော်ဒယ်အမျိုးအစားတွေပါပဲ။ ကျွန်တော်တို့က SKD စနစ်နဲ့ တင်သွင်းထားတာပါ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် Leapmotor အရောင်းပြခန်းမှ အကြီးတန်း အရောင်းမန်နေဂျာ ကိုမင်းသက်ကျော်က ဝယ်လိုအား မြင့်တက်လာကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့ Leapmotor (မော်တော်ကားတွေ) ကို ဖြန့်ချိပေးနေတာ တစ်နှစ်ကျော်လောက်ရှိပါပြီ။ ဝယ်လိုအားတွေက တက်လာပါတယ်။ ဒါပေမဲ့ လူတွေအနေနဲ့ကတော့ EV နဲ့ပတ်သက်တဲ့ ပညာပေးတွေ ပိုပြီးလိုအပ်နေပါသေးတယ်” ဟု ၎င်းက ဆိုသည်။ “ကျွန်တော်တို့ကားတွေက ဘက်ထရီနဲ့ မော်တာကို သက်တမ်းငါးနှစ်၊ ကီလိုမီတာ ၁၀၀,၀၀၀ အာမခံပေးထားပါတယ်” ဟု ကိုမင်းသက်ကျော်က ပြောခဲ့သည်။
၂၀၂၅ ခုနှစ် မြန်မာ နိုင်ငံတကာမော်ကော်ကားပြပွဲသို့ လာရောက်လေ့လာကြသူများမှာ လေ့လာစူးစမ်းလိုစိတ်မြင့်မားပြီး ဝယ်ယူရန်လည်း စိတ်အားထက်သန်လျက်ရှိသည်။ ပြပွဲသို့ လာရောက်လေ့လာသူ အသက် ၆၀ နှစ်အရွယ် ဦးစိုးခမ်းကလည်း EV ကား ပိုင်ဆိုင်ထားသူတစ်ဦးလည်း ဖြစ်သည်။
“ကျွန်တော်က Leapmotor ကားစီးနေတာ။ အခုက ကားတွေငှားဖို့အတွက် ကားဝယ်မလားလို့ လာကြည့်တာပါ။ EV ကားတွေက ကုန်ကျစရိတ်သက်သာတယ်။ ဆီထည့်စရာမလိုသလို ပြုပြင်ထိန်းသိမ်းစရိတ်လည်း မလိုဘူးလေ။ ဒါပေမဲ့ ကားအမှတ်တံဆိပ်တွေက အများကြီးဆိုတော့ တော်တော်လေးရွေးရခက်နေတယ်” ဟု ဦးစိုးခမ်းက ပြောခဲ့သည်။
အသက် ၃၉ နှစ်အရွယ် ကိုဟိန်းကိုကိုအောင်ကလည်း မိတ်ဆွေများနှင့်အတူ EV ကားများ လေ့လာကြည့်ရှုခဲ့ပြီးနောက် BYD အမှတ်တံဆိပ်အား ရွေးချယ်ရန် စိတ်ဝင်စားသည်ဟု ဆိုသည်။ “တရုတ်အမှတ်တံဆိပ်တွေက ဒီကဈေးကွက်ကို လွှမ်းမိုးထားတယ်လေ။ ဈေးကွက်မှာ သူတို့ပဲ ဆက်ပြီးလွှမ်းမိုးနေမယ်လို့ ထင်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် မြန်မာ နိုင်ငံတကာမော်ကော်ကားပြပွဲကို Myanmar DPES Exhibition က ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ ပြပွဲဖြစ်မြောက်ရေးစီစဉ်သူ ကုမ္ပဏီ တာဝန်ရှိသူ ဝမ်ကျန်းချိန်က ဤပြပွဲသည် ထွက်ပေါ်လာသော မော်တော်ကားအမှတ်တံဆိပ်များနှင့် ဝယ်ယူအသုံးပြုသူများအကြား ချိတ်ဆက်ပေးသော ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒီပွဲလေးက မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ပထမဆုံး စီစဉ်ကျင်းပဖြစ်ခဲ့တဲ့ မော်တော်ကားပြပွဲလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာပဲ အခြေစိုက်ပြီးတော့ ကားကုမ္ပဏီတွေကိုလည်း သူတို့ရဲ့ အရောင်းမြှင့်တင်ရေးတွေမှာ အကူအညီပေးသွားချင်သလို ပြည်တွင်းက ဝယ်သူတွေအနေနဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အထောက်အကူပေးသွားချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၂၀၂၅ ခုနှစ် မြန်မာ နိုင်ငံတကာမော်ကော်ကားပြပွဲအား လာရောက်လေ့လာသူများကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၂၀၂၅ ခုနှစ် မြန်မာ နိုင်ငံတကာမော်ကော်ကားပြပွဲအား လာရောက်လေ့လာသူများကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)