မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ စပါးစိုက်ခင်းတွင် အလုပ်လုပ်ကိုင်နေကြသူများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စပါးခင်းတစ်ခုအတွင်း နံနက်ခင်းနေရောင်အောက်တွင် ခြေချင်းဝတ်အထိ နစ်မြုပ်နေသောရွှံ့နွံအတွင်း အမျိုးသမီးများက သွက်လက်မြန်ဆန်စွာ စပါးပျိုးပင်များကို အတန်းလိုက်စိုက်ပျိုးနေကြသည်။၎င်းတို့၏ ရယ်မောသံများက အဝေးမှ လယ်ထွန်စက်အသံကိုပင် ကျော်လွန်ကာ ထွက်ပေါ်လာခဲ့သည်။ ထိုအမျိုးသမီးများမှာ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ ကျေးရွာခံများတော့ မဟုတ်ကြပေ။ ၎င်းတို့သည် ရွှေ့ပြောင်းသွားလာမှုကြောင့် လုပ်သားအင်အား ရှားပါးနေသည့် လစ်ဟာချက်ကို ဖြည့်ဆည်းပေးရန် နိုင်ငံတစ်ဝန်း လှည့်လည်ကာ အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအမျိုးသမီးလုပ်သားအင်အားစုများ၏ တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။
တစ်ချိန်က တစ်ရွာလုံးနီးပါး ပါဝင်လုပ်ဆောင်ကြလေ့ရှိသော စပါးစိုက်ပျိုးခြင်း အစဉ်အလာကို အသွင်သစ်ဖော်ဆောင်ခြင်းလည်းဖြစ်သည်။ လက်ရှိတွင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ စသည့် တိုင်းဒေသကြီးများရှိ ကျေးလက်ဒေသများ၌ လယ်ယာလုပ်ငန်းခွင်အများစုမှာ ဒေသခံလုပ်သားရှားပါးမှုဟူသော စိန်ခေါ်မှုဖိအားနှင့် ရင်ဆိုင်နေရသည်။
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်မှ အသက် ၃၃ နှစ်အရွယ်ရှိပြီး စပါးစိုက်ဧက ၁၀ ဧက ပိုင်ဆိုင်သူ တောင်သူ ကိုအောင်ဖြိုးမင်းက ၎င်း၏ ဦးလေးစိုက်ခင်းတွင် မတ်တတ်ရပ်လျက် အလုပ်သမားများနှင့် စက်ယန္တရားများ လှုပ်ရှားလုပ်ကိုင်နေပုံကို ကြည့်ရှုလျက်ရှိသည်။
“အရင်ကဆို မိသားစုအားလုံးနီးနီးက ဒီလယ်ကွင်းတွေထဲမှာပဲပေါ့။ အခုကတော့ လူငယ်ပိုင်းအများစုက ရန်ကုန်မြို့ပေါ် ဒါမှမဟုတ် နိုင်ငံခြားထွက်ကုန်ကြပြီ။ အသက်ကြီးသူတွေနဲ့ တခြားအလုပ်လုပ်နေကြသူတွေပဲ ကျန်တော့တယ်” ဟု ကိုအောင်ဖြိုးမင်းက ဆိုသည်။
လယ်ထွန်စက်များ၊ ကောက်ရိတ်စက်များက ပိုမိုကြီးမားသော လယ်ကွက်များ၌ လုပ်ငန်းတွင်ကျယ်မှုကို အရှိန်မြှင့်တင်ပေးကာ စက်ယန္တရားများအစားထိုးအသုံးပြုခြင်းက များစွာအထောက်အကူ ဖြစ်စေသည်။ စက်ယန္တရာာများက အရာအားလုံးကို လုပ်ဆောင်နိုင်သော်လည်း စပါးပျိုးပင်များကို လှပညီညာစွာ ရှင်းလင်းတိကျသော စိုက်ပျိုးခြင်းလုပ်ငန်းကိုမူ မစွမ်းဆောင်နိုင်ပေ။ ကျွမ်းကျင်မှုရှိသော ကောက်စိုက်လက်များကမူ လိုအပ်နေဆဲဖြစ်ကြောင်း ၎င်းက ပြောပြခဲ့သည်။
“ကျွန်တော် အသက် ၁၀ နှစ်လောက်ကတည်းက လယ်ထဲမှာအလုပ်လုပ်ခဲ့တာ။ မိဘတွေကလည်း လယ်သမားတွေပဲလေ။ စိုက်ပျိုးရေးကို စိတ်နှစ်မြှုပ်လုပ်ကိုင်နေပေမဲ့လည်း လယ်ယာစိုက်ခင်းသုံး စရိတ်တွေက မြင့်တက်လာတော့ ဒီရက်တွေမှာ အကျိုးအမြတ်က မရှိလှပါဘူး” ဟု ကိုအောင်ဖြိုးမင်းက ရှင်းပြသည်။
“ကျွမ်းကျင်လုပ်သားတွေကတော့ လိုအပ်နေဆဲပါပဲ။ တခြားဒေသတွေက အလုပ်သမားတွေက ကျွန်တော်တို့ ငှားရပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်မှ အသက် ၃၃ နှစ်အရွယ်၊ ရာသီအလိုက် လှည့်လည်အလုပ်လုပ်ကိုင်နေသူ မခင်မို့မို့သည်လည်း ထိုကဲ့သို့ နယ်လှည့်ကောက်စိုက်ခြင်းအလုပ်လုပ်သူများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ လက်ရှိတွင် ၎င်းသည် ကောက်စိုက်ရာသီအတွင်း ကျေးရွာများတစ်ခွင် လှည့်လည်ကာ ကောက်စိုက်ကြသည့် အမျိုးသား ၃၀ ဦး ပါဝင်သော အဖွဲ့နှင့်အတူ ၎င်း၏နေအိမ်မှ ၁၀၀ မိုင်ခန့်အကွာ၊ တွံတေးမြို့နယ်၌ လာရောက်လုပ်ကိုင်နေခြင်းဖြစ်သည်။
“ကျွန်မ ဒီမှာလုပ်နေတာ တစ်လလောက်ရှိပါပြီ။ ဒီအလုပ်က ကျွန်မ ငယ်ငယ်ကတည်းကလုပ်ခဲ့တာ။ လယ်ယာအလုပ်မရှိတဲ့အချိန်ကတော့ ကျပန်းဈေးရောင်းတာပေါ့။ အိမ်မှာ ကလေးနှစ်ယောက်ရှိပါတယ်” ဟု မခင်မို့မို့က နေရောင်အကာအကွယ်ရရှိရန် ဦးထုပ်ကိုပြင်ဆောင်းလျက် ပြောပြသည်။
၎င်းတို့အဖွဲ့ ဝင်ငွေမှာ တစ်ဧကလျှင် ကျပ် ၁၂၀,၀၀၀ ခန့်ရရှိသည်ဟု ဆိုသည်။ အမျိုးသမီး ၃၀ ဦး ပါဝင်သော ၎င်းတို့အဖွဲ့သည် တစ်နေ့လျှင် လယ်ခြောက်ဧက စိုက်ပျိုးနိုင်သည်။ ၎င်းတို့အဖွဲ့အနေဖြင့် ကောက်ရိတ်ခြင်းနှင့် ကောက်စိုက်ခြင်း လုပ်ဆောင်ရန် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်နှင့် ဖျာပုံမြို့နယ်များသို့ သွားရောက်ကာ လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
“အရင်ကတည်းက ဒီအလုပ်ကိုပဲ ကျွန်မတို့ လုပ်ကိုင်ခဲ့ရတာပါ။ ကျွန်မတို့ တဲတွေထဲမှာပဲ အတူတူအိပ်ကြတယ်။ အတူတူချက်စားကြတယ်။ အချိန်အကြာကြီး အလုပ်လုပ်ကြရတယ်။ ပင်ပန်းပေမဲ့လည်း ဒါကအလုပ်ပဲလေ” ဟု မခင်မို့မို့က ဆိုသည်။
အမျိုးသမီးများစွာအတွက်မူ လယ်ယာလုပ်ငန်းခွင်ဆိုသည်မှာ အလုပ်အကိုင်တစ်ခုဆိုခြင်းထက် အနက်အဓိပ္ပါယ်ပိုပေသည်။ ၎င်းတို့၏ဝင်ငွေများဖြင့် သားသမီးများ၊ မွေးချင်းများနှင့် သက်ကြီးရွယ်အိုမိဘများကို ထောက်ပံ့ကျွေးမွေးပြုစုနိုင်ခဲ့သည်။ အိမ်ထောင်မိသားစုများတွင် အမျိုးသားများက မြို့ပြများရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ စက်ရုံများ၌၌ အလုပ်လုပ်ကိုင်ကြရသလို အမျိုးသမီးများကလည်း လယ်ယာစိုက်ပျိုးခင်းများ၌ လုပ်ကိုင်ကြရပေသည်။
“ကျွန်မတို့ အချင်းချင်း ဖေးဖကူညီကြပါတယ်။ ကျွန်မတို့အများစုက ကလေးအမေတွေပဲလေ။ ကျွန်မတို့ အတူတူသွားကြတယ်။ အချင်းချင်း စောင့်ရှောက်ကြတယ်။ ရှိတာလေးတွေ အတူတူမျှဝေကြတယ်လေ” ဟု မခင်မို့မို့က ဆိုသည်။
နောက်ထပ် အမျိုးသမီးတစ်ဦးဖြစ်သော အသက် ၄၀ နှစ်အရွယ် မခိုင်သည်လည်း လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်း လုပ်ကိုင်လာသည်မှာ နှစ်ပေါင်း ၃၀ ခန့်ရှိပြီဖြစ်သည်။ ၎င်းက ကောက်စိုက်ခြင်းနှင့် ကောက်ရိတ်ခြင်း နှစ်မျိုးလုံးကို လုပ်ကိုင်နိုင်သလို အခြားအလုပ်များကိုလည်း လိုအပ်သလိုလုပ်ကိုင်နေရသူဖြစ်သည်။
“လုပ်အားခတွေကတော့ တိုးရလာပါရဲ့။ ကုန်ကျစရိတ်တွေကလည်း များလာတာပဲလေ။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ကျွန်မတို့ တစ်ဧကကို ၂,၅၀၀ ကျပ်လောက်ပဲရတာ။ အခုတော့ ၁၂၀,၀၀၀ ရတယ်။ ဒါပေမဲ့ အဲဒီတုန်းကတော့ လုံလောက်မှုရှိတယ်။ အခုကတော့ အဲဒီလိုမဟုတ်တော့ဘူး” ဟု ၎င်းက ဆိုသည်။
၎င်းတို့၏ အလုပ်ချိန်အားဖြင့် နံနက် ၆ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ကာ ထမင်းစားနားချိန် ၂ နာရီ ရရှိသည်ဟု ဆိုသည်။ “ရန်ကုန်က စက်ရုံတွေမှာ ဝင်ငွေပိုရကြတော့ လူတွေက အဲဒီကိုသွားလုပ်ကြပြီး ဒီမှာကျလုပ်သားအင်အား နည်းလာတယ်။ ကျွန်မတို့က ထက်ဝက်လောက်ပဲရပြီး အလုပ်အကိုင်ပင်ပင်ပန်းပန်း လုပ်ရတယ်” ဟု မခိုင်က ပြောခဲ့သည်။
အသက် ၅၀ နှစ်ကျော် ဦးမောင်က လောင်စာဆီသုံး ပိုးသတ်ဆေးဖျန်းစက်ကို အသုံးပြုချက် လယ်ကွက်အတွင်းရှိ ခရုများကို နှိမ်နင်းရန် စိုက်ခင်းအနှံ့ပိုးသတ်ဆေးဖျန်းလျက်ရှိသည်။
“စက်တွေက ကျွန်တော်တို့လယ်ယာလုပ်ငန်းခွင်ကို အဆင်ပြေလွယ်ကူစေတယ်။ ကောက်စိုက်စက်တွေနဲ့ဆို တစ်နေ့ လယ်ဧက ၂၀ လောက်အထိ စိုက်ပျိုးနိုင်တယ်။ အခုခေတ်မှာ လူငယ်အများစုက မြို့ပေါ်တက် အလုပ်လုပ်ကြရတယ်လေ။ ကျွန်တော်တို့လို သတ်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေပဲ စိုက်ခင်းထဲ ကျန်ခဲ့တော့တာပါ” ဟု ဦးမောင်က ပြောပြသည်။
“ကျွန်တော့်ဘဝတစ်လျှောက်လုံး လယ်ပဲလုပ်ခဲ့တာပါ။ မြို့ပေါ်လည်း မပြောင်းနိုင်ပါဘူး။ အခုနောက်ပိုင်း စက်ရုံတွေဖွင့်လာပေမဲ့လည်း ကျွန်တော်က အသက်ကြီးသွားပြီလေ”
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးစက်ယန္တရားအသုံးပြုရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေးက စက်ယန္တရားများအစားထိုးအသုံးပြုခြင်းက မြို့ပြများဆီသို့ ပြောင်းရွှေ့သွားကြသော လယ်ယာလုပ်သားများ၏ နေရာ၌ ဝင်ရောက်နေရာယူလာပြီး အထူးသဖြင့် ကောက်ရိတ်စက်ကြီးများကဲ့သို့ စိုက်ပျိုးရေးစက်ယန္တရားများ အသုံးပြုမှုအနေဖြင့်လည်း ယခုနှစ်ပိုင်းများအတွင်း မြင့်တက်လာသည်ဟု ပြောခဲ့သည်။
မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧကအနေဖြင့် ၁၅ သန်းခန့် စိုက်ပျိုးလျက်ရှိကာ ရွှေ့ပြောင်းလယ်သမားများကလည်း အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်နေဆဲပင် ဖြစ်သည်။