တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ယန်ဖူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်ရှိ ယန်ဖူ အကောက်ခွန်လွတ်ဆိပ်ကမ်းဧရိယာကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
လွန်ခဲ့သည့် ဆယ်စုနှစ်လေးခုကျော်က တရုတ်နိုင်ငံ၏ သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်လှစ်ရေး ခရီးစဉ်၏ ကနဦးနှစ်များအတွင်း ပထမဆုံးသော နိုင်ငံတော်အဆင့် စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးမှုဇုန် ၁၄ ခုကို ကမ်းရိုးတန်းမြို့ ၁၂ မြို့တွင် ထူထောင်ခဲ့သည်။ ယနေ့တွင် နိုင်ငံတစ်ဝန်း ထိုကဲ့သို့သော ဇုန် ၂၃၂ ခု ပါဝင်သည့် ကြီးမားကျယ်ပြန့်သော ကွန်ရက်သည် ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါသော မောင်းနှင်အားအဖြစ် ဆောင်ရွက်လျက်ရှိသည်။
ဆင်ဟွာသတင်းအေဂျင်စီက ကြီးမှူးကျင်းပသော “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲကြီး၏ နောက်ဆုံးအပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦး၊ စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုဇုန် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ အမှုဆောင်အရာရှိတစ်ဦးတို့သည် တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် တံခါးဖွင့်လှစ်မှုအဆင့်သစ်၊ နက်ရှိုင်းသော ပြုပြင်ပြောင်းလဲမှုနှင့် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို ပုံဖော်ရာတွင် အဆိုပါဇုန်များ၏ ဆင့်ကဲပြောင်းလဲလာသော အခန်းကဏ္ဍကို လေ့လာဆွေးနွေးခဲ့ကြသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာရှိ ကျီရှောင်ဖုန်းက အဆိုပါ နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်များသည် စီးပွားရေးမောင်းနှင်အားများဖြစ်ရုံသာမက ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုအတွက် အဓိကပြတင်းပေါက်များလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အထူးသဖြင့် ထိုကဲ့သို့သော ဇုန်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၆၀,၀၀၀ ကျော်နှင့် နိုင်ငံခြားကုန်သွယ်မှုနှင့် ချိတ်ဆက်ထားသော လုပ်ငန်းပေါင်း ၉၉,၀၀၀ ခန့် တည်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ် တစ်နှစ်တည်းတွင်ပင် နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်များသည် တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပမာဏ၏ လေးပုံတစ်ပုံခန့် ရှိခဲ့သည်။ စုစုပေါင်းအားဖြင့် ၎င်းတို့မှတစ်ဆင့် ဒေသတွင်း ဂျီဒီပီ ယွမ် ၁၆.၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၃၆ ထရီလီယံခန့်) ရရှိခဲ့ပြီး အဓိကစက်မှုလုပ်ငန်းကြီး ၇၃,၀၀၀ နှင့် နည်းပညာမြင့်လုပ်ငန်း ၈၅,၀၀၀ တို့အပါအဝင် ဈေးကွက်လုပ်ငန်းပေါင်း ၄.၉ သန်းကျော်ကို လွှမ်းခြုံထားသည်။
ရှေ့အလားအလာကို ကြည့်လျှင် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် တံခါးဖွင့်လှစ်မှုကို ချဲ့ထွင်ရာတွင် ပိုမိုကြီးမားသော တာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် ဖွံ့ဖြိုးတိုးတက်မှု တည်နေရာသတ်မှတ်ခြင်းမှသည် အဖွဲ့အစည်းများအထိ ကဏ္ဍအသီးသီးတွင် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ရန် ထိုဇုန်များကို ဆန်းသစ်တီထွင်တိုးတက်အောင် လုပ်ရန် လိုအပ်ကြောင်း ကျီက ပြောကြားခဲ့သည်။
ယင်းအတွက် ရည်ရွယ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရည်အသွေးမြင့် ထုတ်လုပ်မှုစွမ်းအားသစ်များ ဖော်ဆောင်ခြင်း၊ စီးပွားရေးပွင့်လင်းမှုကို မြှင့်တင်ခြင်းနှင့် စီမံခန့်ခွဲမှုစနစ်များကို နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲခြင်း အပါအဝင် ရည်းမှန်းထားသည့် မူဝါဒ ၁၆ ချက်ပါရှိသော လုပ်ငန်းစီမံချက်တစ်ခုကို မကြာသေးမီက ထုတ်ဖော်ခဲ့သည်။
ဆန်းသစ်တီထွင်မှုဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို မောင်းနှင်ပေး
တရုတ်နိုင်ငံ၏ နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်များသည် တိုးတက်မှုမောင်းနှင်အားအသစ်များ ဖော်ဆောင်ရန် ရည်ရွယ်ပြီး ၎င်းတို့၏ ဆန်းသစ်တီထွင်ရေး ကြိုးပမ်းမှုများကို အရှိန်မြှင့်တင်ခဲ့ပြီဖြစ်သည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်တွင် ၁၉၉၄ ခုနှစ်က တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံ အစိုးရများအကြား ပထမဆုံးသော အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအဖြစ် တည်ထောင်ခဲ့သည့် စူးကျိုး စက်မှုဥယျာဉ်သည် ဤဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို စံနမူနာပြလျက်ရှိသည်။ အဆိုပါစက်မှုဥယျာဉ်သည် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ၎င်း၏ လွတ်လပ်သော ကုန်သွယ်မှုအနေအထားကို အသုံးချကာ ကမ္ဘာ့အဆင့်မီ နည်းပညာမြင့်ဥယျာဉ်တစ်ခု ဖြစ်လာစေရန် လုပ်ဆောင်နေသည်။
၎င်းဥယျာဉ် စီမံခန့်ခွဲမှုကော်မတီ၏ ဒုတိယညွှန်ကြားရေးမှူး စိန်လေက အဆိုပါ ဥယျာဉ်သည် ကမ္ဘာလုံးဆိုင်ရာ အရင်းအမြစ်များကို ဆွဲဆောင်ခြင်းနှင့် နည်းပညာ၊ စက်မှုဆန်းသစ်တီထွင်ပေါင်းစပ်ခြင်းအပေါ် အာရုံစိုက်လျက်ရှိကြောင်း မီးမောင်းထိုးပြခဲ့ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်များသည် ယခုအခါ တရုတ်နိုင်ငံ၏ နည်းပညာမြင့်လုပ်ငန်းများ၏ ၁၈.၃ ရာခိုင်နှုန်းကို လက်ခံထားပြီး၊ ၎င်းဇုန်များတွင် နိုင်ငံအဆင့် နည်းပညာဖော်ဆောင်ရေးလုပ်ငန်းစုများနှင့် ဆန်းသစ်တီထွင်မှုနေရာ ၇၀၀ ကျော် ရှိသည်။
“စီးပွားရေးဖွံ့ဖြိုးမှုဇုန်တွေမှာ စက်မှုလုပ်ငန်းပါဝင်မှု မြင့်မားပြီး ခိုင်မာတဲ့ ကုန်ထုတ်လုပ်မှု အခြေခံတွေရှိတာကြောင့် ဒေသတွင်း အားသာချက်များနဲ့ ကိုက်ညီတဲ့ အရည်အသွေးမြင့် ထုတ်လုပ်မှုစွမ်းအားသစ်များ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စံပြဖြစ်တယ်” ဟု ကျီက ပြောကြားခဲ့သည်။
ဤစီးပွားရေးဖွံ့ဖြိုးမှုဇုန်များသည် မဟာဗျူဟာမြောက် ထွန်းသစ်စ စက်မှုလုပ်ငန်းများအတွက် အားကောင်းသော အဆောက်အအုံများ ဖြစ်လာသည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရီပင်း ဇုန်သည် 180 GWh ထုတ်လုပ်နိုင်စွမ်းရှိသော ကမ္ဘာ့အကြီးဆုံး တစ်ခုတည်းသော ဓာတ်အားပေးဘက်ထရီ ထုတ်လုပ်မှု အခြေစိုက်စခန်းကို တည်ဆောက်ခဲ့သည်။ တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ အခြားဇုန်တစ်ခုတွင်မူ လေကြောင်းသုံးပစ္စည်းများမှ ဂြိုဟ်တုပစ္စည်းများအထိ ထုတ်လုပ်နိုင်သော ပြီးပြည့်စုံသော စက်မှုလုပ်ငန်းကွင်းဆက်များ အားဖြည့်ထားကြောင်း သိရသည်။
ဇီဝဆေးပညာ၊ စွမ်းအင်သစ်နှင့် ပစ္စည်းကိရိယာများ၊ လေကြောင်း၊ အဆင့်မြင့်ပစ္စည်း ထုတ်လုပ်ရေးနှင့် ဉာဏ်ရည်တု (AI) ကဏ္ဍများကို ဗဟိုပြု၍ နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်များတွင် ခေတ်မီစက်မှုလုပ်ငန်းစနစ်များ ဖော်ဆောင်ရန် ပိုမိုကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကျီက ထုတ်ဖော်ပြောကြားခဲ့သည်။
တံခါးဖွင့်လှစ်မှု၏ ရှေ့ဆောင်လမ်းပြများ
လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်များသည် အဖွဲ့အစည်းဆိုင်ရာ ဆန်းသစ်တီထွင်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးတိုးတက်မှုတို့တွင် ရှေ့ဆောင်များဖြစ်ခဲ့ကြပြီး တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်လှစ်ရေး ကြိုးပမ်းမှုများအတွက် ဦးဆောင်လမ်းပြခဲ့ကြသည်။
အဆိုပါဇုန်များသည် အရင်းအမြစ်စီးဆင်းမှု၊ အခွင့်အရေးကာကွယ်မှုနှင့် ဈေးကွက်စည်းမျဉ်းများ အပါအဝင် ကဏ္ဍအသီးသီးတွင် တိုးတက်မှုများ ဖော်ဆောင်ရန် လွတ်လပ်သော ကုန်သွယ်မှု စမ်းသပ်ပူးပေါင်းဆောင်ရွက်မှုများကို လေ့လာဖော်ထုတ်ခဲ့ကြသည်။ အချို့မှာ ၎င်းတို့၏ အဖွဲ့အစည်းဆိုင်ရာ တံခါးဖွင့်လှစ်မှုကို အဆင့်မြှင့်တင်ရန် အရည်အသွေးမြင့် နိုင်ငံတကာကုန်သွယ်မှုစည်းမျဉ်းများနှင့် ကိုက်ညီအောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့ကြကြောင်း ကျီက ပြောကြားခဲ့သည်။
“ဒီဇုန်တွေရဲ့ မဟာဗျူဟာမြောက် တည်နေရာ၊ စက်မှုလုပ်ငန်းကွင်းဆက်တွေနဲ့ မူဝါဒဆိုင်ရာ ပံ့ပိုးမှုတွေက Panasonic အတွက် တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အလွန်ဆွဲဆောင်မှုရှိစေတယ်” ဟု Panasonic China ဥက္ကဋ္ဌ ကျောက်ပင်တိက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ဈေးကွက်တွင် ၄၇ နှစ်ကြာ လုပ်ငန်းအတွေ့အကြုံရှိသည့် Panasonic သည် ပေကျင်း၊ တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းနှင့် ရှန်ဟိုင်းကဲ့သို့သော မြို့ကြီးရှစ်မြို့ရှိ နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်များတွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံတွင် ၎င်း၏ ၂၀၂၄ ဘဏ္ဍာရေးနှစ် ရောင်းအားသည် ယွမ်ဘီလီယံ ၁၀၀ နီးပါး ရောက်ရှိခဲ့ရာ Panasonic ၏ ကမ္ဘာလုံးဆိုင်ရာ ရောင်းအား၏ လေးပုံတစ်ပုံနီးပါး ရှိခဲ့သည်။
“တရုတ်နိုင်ငံဟာ ထုတ်လုပ်မှုမှာ အင်အားကြီးတဲ့ နိုင်ငံတစ်ခု ဖြစ်ရုံတင် မဟုတ်ဘဲ နိုင်ငံခြားကုမ္ပဏီတွေအတွက် ကြီးမားတဲ့ အခွင့်အလမ်းတွေကို ပေးဆောင်နေတဲ့ အဓိက စားသုံးသူနဲ့ ဆန်းသစ်တီထွင်မှုဗဟိုချက်တစ်ခုလည်း ဖြစ်ပါတယ်” ဟု ကျောက်က ပြောကြားခဲ့သည်။ နည်းပညာကဏ္ဍများကို ပံ့ပိုးပေးသည့် မကြာသေးမီက ထွက်ပေါ်လာသော မူဝါဒများနှင့် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် စစ်မှန်သောစီးပွားရေးတို့အကြား ပေါင်းစပ်မှုတို့က AI မှ စွမ်းအင်သစ်အထိ ကဏ္ဍအသီးသီးတွင် Panasonic ၏ ရင်းနှီးမြှုပ်နှံမှုများကို လွယ်ကူချောမွေ့စေမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်များနှင့် ပတ်သက်သည့် နောက်ဆုံးပေါ် ပြုပြင်ပြောင်းလဲရေးအစီအမံများသည် နိုင်ငံခြားကုမ္ပဏီများကို ပိုမိုမြင့်မားသော အခြေအနေတစ်ခုအထိ ရောက်အောင် ပံ့ပိုးပေးမည်ဖြစ်ပြီး၊ R&D ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းနှင့် ဒေသခံလုပ်ငန်းများနှင့် ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်စေမည်ဟု ကျွမ်းကျင်ပညာရှင်များက မှတ်ချက်ပြုခဲ့သည်။ စက်မှုလုပ်ငန်း ဂေဟစနစ်များ ပိုမိုကောင်းမွန်လာခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီများသည် တရုတ်နိုင်ငံ၏ သက်ဝင်လှုပ်ရှားသော ဈေးကွက်တွင် ပိုမိုကြီးမားသည့် အခွင့်အလမ်းများကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။