ကမ္ဘာလုံးဆိုင်ရာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် တရုတ်နိုင်ငံ အရှေ့ပိုင်း၌ စတင်ကျင်းပ

Xinhua, July 24, 2025
Size:

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်၊ စူးကျိုးမြို့၌ ကျင်းပသော ၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ဖွင့်ပွဲအခမ်းအနားမတိုင်မီ လူငယ်ကိုယ်စားလှယ်များ စုပေါင်းဓာတ်ပုံရိုက်ကူးနေကြပုံကို ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို ဇူလိုင် ၁၅ ရက်က တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်၊ စူးကျိုးမြို့၌ စတင်ကျင်းပခဲ့ရာ နိုင်ငံနှင့်ဒေသပေါင်း ၁၀၀ ကျော်အပြင် နိုင်ငံတကာအဖွဲ့အစည်း ၁၇ ခုမှ လူဦးရေ စုစုပေါင်း ၅၀၀ ဦးခန့် ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရသည်။
“ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် လူငယ်များ၏ စွမ်းရည်များကို ထုတ်ဖော်ခြင်း” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပသည့် အဆိုပါဖိုရမ်သည် နည်းပညာဆန်းသစ်တီထွင်မှု၊ စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုဖလှယ်မှုများကဲ့သို့သော နယ်ပယ်များတွင် အသိပညာများ မျှဝေနိုင်ရန် ကမ္ဘာတစ်ဝန်းမှ လူငယ်ရေးရာဝန်ကြီးများ၊ လူငယ်အဖွဲ့အစည်းခေါင်းဆောင်များနှင့် လူငယ်ကိုယ်စားလှယ်များကို ကြိုဆိုခဲ့သည်။
အဆိုပါဖိုရမ်၏ ဖွင့်ပွဲအခမ်းအနားတွင် ၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအစီအစဉ်၏ ထူးချွန်လုပ်ဆောင်ချက်ပေါင်း ၁၀၀ ကို ထုတ်ဖော်ပြသခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာလူငယ်ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့်တင်ရေး သီတင်းပတ်ကို တရားဝင်စတင်ခဲ့သည်။
၎င်းဖိုရမ်အတွင်း လူငယ်ကိုယ်စားလှယ်များက စိမ်းလန်းသော စားသုံးမှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၊ ဉာဏ်ရည်တုနှင့် နည်းပညာဆန်းသစ်တီထွင်မှု၊ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းမှုတို့ကို အဓိကထားသည့် အကြောင်းအရာဆိုင်ရာ အစည်းအဝေးများတွင် ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။ အဆိုပါဖိုရမ်တွင် အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့ကျင့်ရေးစခန်း အစီအစဉ်များနှင့် ကွင်းဆင်းလေ့လာရေး ခရီးစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
၎င်းဖိုရမ်သည် ကုလသမဂ္ဂ၏ ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်နှင့် တရုတ်နိုင်ငံက အဆိုပြုထားသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး အဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှု အဆိုပြုချက်များအား အကောင်အထည်ဖော်ရေးအတွက် လူငယ်များ၏ စွမ်းပကားကို စုစည်းရန် အရေးကြီးသော အခွင့်အရေးတစ်ခုဖြစ်သည်။
အဆိုပါဖိုရမ်ကို တရုတ်လူငယ်အဖွဲ့ချုပ်၊ တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် ဖိုရမ် စီစဉ်ကျင်းပရေးကော်မတီတို့က ပူးတွဲကျင်းပခြင်းဖြစ်သည်။ ပထမဆုံးအကြိမ် ကမ္ဘာလုံးဆိုင်ရာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို ၂၀၂၂ ခုနှစ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်၊ စူးကျိုးမြို့၌ ကျင်းပသော ၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် ရေကူးအားကစားမယ် ဝမ်ချီယွဲ့ မိန့်ခွန်းပြောကြားနေပုံကို ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)