(တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ) တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုဇုန်များက မူဝါဒပိုင်း တွန်းအားပေးဆောင်ရွက်မှုဖြင့် ဆန်းသစ်တီထွင်မှုကို အရှိန်အဟုန်မြှင့်တင်ပေး

Xinhua, July 23, 2025
Size:

ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလော ထုတ်လွှင့်ခဲ့သည့် အပိုင်းအား ရိုက်ကူးနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်များတွင် အရည်အသွေးကောင်းမွန်သည့် ကုန်ထုတ်စွမ်းအားသစ်များကို မြှင့်တင်ရန် ရည်ရွယ်သော မူဝါဒပိုင်းဆိုင်ရာ အစီအမံများ ချမှတ်ခဲ့ခြင်းကြောင့် ယင်းစီးပွားရေးဖွံ့ဖြိုးမှုဇုန်များမှာ စက်မှုလုပ်ငန်းနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုကို အထောက်အကူပေးရာတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာမည်ဟု သိရသည်။

နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်များကို လွန်ခဲ့သော နှစ် ၄၀ ကျော်က စတင်တည်ထောင်ခဲ့ချိန်မှစ၍ တရုတ်နိုင်ငံ၏ တံခါးဖွင့်လှစ်မှုကို မြှင့်တင်ကာ ဆန်းသစ်တီထွင်မှု တိုးမြှင့်ရာတွင် အံ့မခန်း တိုးတက်မှုများ ရရှိခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလော ထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် ဧည့်သည်အဖြစ် ပါဝင်ဆွေးနွေးသူတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်များတွင် နောက်ဆုံးပေါ် သတင်းအချက်အလက်နည်းပညာ၊ ကုန်ကြမ်းပစ္စည်းသစ်များ၊ အဆင့်မြင့် ကုန်ထုတ်လုပ်မှု၊ အဏ္ဏဝါစီးပွားရေးနှင့် အဏ္ဏဝါလုပ်ငန်းသုံးစက်ပစ္စည်း စသည့် မဟာဗျူဟာမြောက် ထွန်းသစ်စလုပ်ငန်းနယ်ပယ် အစုအဖွဲ့များ ပါဝင်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးဖြစ်သူ ကျီရှောင်ဖုန်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအရှေ့မြောက်ပိုင်း တာ့လျန်မြို့၌ ပထမဆုံးသော နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်အား ၁၉၈၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင်မူ နိုင်ငံတစ်ဝန်း၌ အလားတူ စီးပွားရေးဖွံ့ဖြိုးမှုဇုန် အရေအတွက်မှာ ၂၃၂ ခုအထိ ရှိလာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်ရှိ နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်တစ်ခုဖြစ်သော စူးကျိုး စက်မှုဥယျာဉ်၌ တည်ရှိသည့် Suzhou HYC နည်းပညာကုမ္ပဏီလီမိတက်မှာ ပစ္စည်းအဟောင်းပြုပြင်သည့် လုပ်ငန်းအဖြစ်မှ flat panel display ပုံရိပ်ဖော်မျက်နှာပြင် စမ်းသပ်သည့် လုပ်ငန်း၌ ကမ္ဘာ့ဦးဆောင်သူအဖြစ် အဆင့်ဆင့် တိုးတက်အောင်မြင်လာခဲ့သည်။

“ကျွန်တော်တို့ရဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်း ဌာနခွဲကို တည်ထောင်ခဲ့တုန်းက တစ်ပိုင်းလျှပ်ကူးပစ္စည်း စမ်းသပ်တဲ့ နည်းပညာဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ နည်းပညာ အထွတ်အထိပ်ရောက်အောင် ကြိုးပမ်းသွားဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ လက္ခဏာအဖြစ် တီထွင်တဲ့အဖွဲ့ကို ‘ချိုမိုလန်းမားအဖွဲ့’ လို့ အမည်ပေးခဲ့ပါတယ်” ဟု ကုမ္ပဏီ ဥက္ကဋ္ဌ ချန်ဝန်ယွမ်က ဆိုသည်။ လွန်ခဲ့သောနှစ်များအတွင်း နည်းပညာ ဆန်းသစ်တီထွင်မှု၌ စဉ်ဆက်မပြတ် အားဖြည့်ဆောင်ရွက်ခဲ့ခြင်းက ကုမ္ပဏီ၏ အောင်မြင်မှုအတွက် အဓိကအကြောင်းရင်း ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

Flat Panel Display ပုံရိပ်ဖော်မျက်နှာပြင် စမ်းသပ်ကိရိယာ၊ စမတ်နည်းပညာသုံး အသုံးအဆောင်ပစ္စည်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ မော်တော်ယာဉ်သုံး အီလက်ထရွန်းနစ်ပစ္စည်း စသည်တို့နှင့် သက်ဆိုင်သော သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်အပေါ် ပိုမိုအလေးထားခြင်းကြောင့် Suzhou HYC နည်းပညာကုမ္ပဏီမှာ နိုင်ငံတော်အဆင့် နည်းပညာမြင့် ကုမ္ပဏီတစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရပြီး တရုတ်နိုင်ငံ သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှု ကြီးကြပ်ရေးအဖွဲ့တွင် စာရင်းသွင်းခံရသော ပထမဆုံးကုမ္ပဏီ ဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံ၏ နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်များတွင် နိုင်ငံတော်အဆင့် နည်းပညာမြင့် ကုမ္ပဏီပေါင်း ၈၅,၀၀၀ ကျော် ဖွင့်လှစ်ထားကာ တရုတ်နိုင်ငံရှိ နည်းပညာမြင့် ကုမ္ပဏီစုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။

နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်များမှာ ၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာပင် တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပကုန်သွယ်မှုပမာဏ၏ လေးပုံတစ်ပုံနီးပါးရှိကာ ယင်းစီးပွားရေးဖွံ့ဖြိုးမှုဇုန် စုစုပေါင်း၏ ဒေသအလိုက် ဂျီဒီပီတန်ဖိုးမှာ ယွမ် ၁၆.၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၃၆ ထရီလီယံခန့်) ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံက စီးပွားရေးတိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုကို အားပေးမြှင့်တင်ရာတွင် ၎င်းတို့၏အခန်းကဏ္ဍကို အကျိုးရှိရှိအသုံးချရန် အဆိုပါဇုန်များရှိ စီးပွားရေးဝန်းကျင် ကောင်းမွန်လာရေးအတွက် မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်ခဲ့သည်ဟု ကျီက ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ထိုဇုန်များအတွင်း ဆန်းသစ်တီထွင်မှုနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအား တစ်ဆင့်တိုး မြှင့်တင်ရန် မေလနှောင်းပိုင်းက လုပ်ငန်းအစီအစဉ်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းအစီအစဉ်က နိုင်ငံတော်အဆင့် စက်မှုနှင့် နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုပလက်ဖောင်းများ အားပေးမြှင့်တင်ရန်၊ တက္ကသိုလ်များ၊ သုတေသနအင်စတီကျုများနှင့်အတူ ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့ ဖွဲ့စည်းရေးအတွက် ၎င်းဇုန်များရှိ ဦးဆောင်စီးပွားရေးလုပ်ငန်းများအား တိုက်တွန်းအားပေးရန် နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်များအတွက် မူဝါဒပံ့ပိုးမှုကို ထည့်သွင်းဖော်ပြထားသည်။

ထို့ပြင် အဆိုပါဇုန်များအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍ အခြေခံတောင့်တင်းခိုင်မာစေရန်အတွက်လည်း နည်းပညာအသွင်ပြောင်းမှုနှင့် ထုတ်လုပ်မှုအဆင့်မြှင့်တင်ရေး စသည့် နိုင်ငံတော်အဆင့် အဓိကစီမံကိန်းများတွင် ပါဝင်လာရန် ထိုအစီအစဉ်က ပံ့ပိုးကူညီလျက်ရှိသလို ဒစ်ဂျစ်တယ် ဉာဏ်ရည်ထည့်သွင်းမှုနှင့် အစိမ်းရောင်နည်းပညာများမှတစ်ဆင့် သမားရိုးကျလုပ်ငန်းများ အဆင့်မြှင့်တင်ရေးနှင့် စုပေါင်းလုပ်ငန်းများ၊ အနာဂတ်လုပ်ငန်းများအတွက် ရှေ့ပြေးဇုန်များထူထောင်ရေး စသည်တို့ကို တိုက်တွန်းအားပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်များ၏ စနစ်အားသာချက်ပေါ် အခြေခံထားသည့် အဆိုပါအစီအစဉ်များက ၎င်းဇုန်များ၏ စီမံခန့်ခွဲမှုပုံစံနမူနာများကို ထပ်ဆင့် အဆင့်မြှင့်တင်၍ ဆန်းသစ်မည်ဖြစ်ရာ ယင်းက ဇုန်များရှိ ကုမ္ပဏီများ တိုးတက်မှုကို တက်ကြွမှုတွန်းအားသစ် ဖြည့်တင်းပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း ကျီက ဆိုသည်။

၎င်းက ဆက်၍ နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်များအနေဖြင့် ဇီဝဆေးပညာ၊ စွမ်းအင်သစ်၊ ပစ္စည်းကိရိယာသစ်များနှင့် လေကြောင်းအာကာသပညာရပ် စသည့် မဟာဗျူဟာမြောက် ထွန်းသစ်စလုပ်ငန်းများအား ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်သလို အနာဂတ်စက်မှုလုပ်ငန်းများအတွက် အမြော်အမြင်ရှိသော စီမံကိန်းများကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယင်းအစီအစဉ်များ၌ နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်များတွင် အရည်အသွေးကောင်းမွန်သည့် ကုန်ထုတ်စွမ်းအားသစ်များ ပျိုးထောင်ရန် ကြိုးပမ်းအားထုတ်မှုများ ပိုမိုဆောင်ရွက်မည်ဟု ကတိပြုထားကြောင်း၊ ၎င်းမှာ ဆန်းသစ်တီထွင်မှုအား ချဲ့ထွင်ရာတွင် စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှုအား တစ်ဆင့်တိုးမြှင့်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။
စက်မှုလုပ်ငန်းဆိုင်ရာ အသိဉာဏ်ထည့်သွင်းမှုနှင့် စမတ်နည်းပညာများအပေါ် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအား အလေးထားလျက် ကျန်းဆူးပြည်နယ် နန်ကျင်းမြို့ရှိ ကျန်းနင်စီးပွား‌ရေးဖွံ့ဖြိုးမှုဇုန်ရှိ နိုင်ငံတော်အဆင့် နည်းပညာမြင့်လုပ်ငန်းတစ်ခုဖြစ်သော Nanjing Sciyon Wisdom Technology Group ကုမ္ပဏီလီမိတက်က Industry 4.0 စံနှုန်းနှင့် ကိုက်ညီပြီး အထူးသီးသန့်ထုတ်ကုန်များ၊ ဝန်ဆောင်မှုများဖြင့် ဝယ်ယူအသုံးပြုသူများအား ပေးအပ်နိုင်ရန် အလိုအလျောက်နှင့် ဉာဏ်ရည်ရှိ အဆင့်မြင့်နည်းပညာများကို အသုံးထားပြုသည့် စမတ်စက်ရုံတစ်ရုံ တည်ဆောက်ခဲ့ကြောင်း သိရသည်။

“အနာဂတ်မှာတော့ စက်မှုလုပ်ငန်းသုံး AI လိုမျိုး ထုတ်ကုန်သစ်တွေနဲ့ နည်းပညာသစ်တွေ သုတေသနလုပ် မြှင့်တင်မှုတွေ အများအပြားလုပ်ဆောင်သွားမှာဖြစ်ပြီး ဒစ်ဂျစ်တယ်စနစ်မှ ဉာဏ်ရည်ရှိပြီး စမတ်အသွင်ပြောင်းစနစ်အထိ ကူးပြောင်းရာမှာ စီးပွားရေးလုပ်ငန်းတွေကို ပိုမိုအကူအညီပေးနိုင်ပါလိမ့်မယ်” ဟု ယင်းကုမ္ပဏီ၏ ဘရင်းန်မန်နေဂျာ ကျုံးချုံချင့်က ပြောခဲ့သည်။ 

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် စူးကျိုးမြို့ရှိ စူးကျိုးစက်မှုဥယျာဉ်အား ၂၀၂၃ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)