ရှီကျင့်ဖိန်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ အဖွဲ့ဝင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများကောင်စီ အစည်းအဝေးသို့ တက်ရောက်လာသော ပြည်ပနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့လိုက် တွေ့ဆုံဆွေးနွေး

Xinhua, July 22, 2025
Size:

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများကောင်စီ အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာကြသော နိုင်ငံအသီးသီး၏ နိုင်ငံခြားရေးဝန်ကြီးများ၊ အမြဲတမ်းအခြေစိုက်ဌာနများ၏ တာဝန်ခံများနှင့် ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ အဖွဲ့လိုက်တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများကောင်စီ အစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာကြသော နိုင်ငံအသီးသီး၏ နိုင်ငံခြားရေးဝန်ကြီးများ၊ အမြဲတမ်းအခြေစိုက်ဌာနများ၏ တာဝန်ခံများနှင့် ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ရှိ ပြည်သူ့ခန်းမဆောင်၌ အဖွဲ့လိုက်တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) တည်ထောင်သည့် ၂၄ နှစ်ကြာ ကာလတွင် “ရှန်ဟိုင်း စိတ်ဓာတ်” ကို အစဉ်အမြဲ လက်ကိုင်ထားခဲ့ရာ စဉ်ဆက်မပြတ် ရင့်ကျက်ခိုင်မာ၍ အင်အားကြီးမားသည့် ရှင်သန်စွမ်းအားကို ပြသခဲ့ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု စဉ်ဆက်မပြတ် ပိုမိုနက်ရှိုင်းလာသလို ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများသည် အောင်မြင်မှုအသီးအပွင့်များ ဝေဆာခဲ့ရာ ခေတ်ကာလ ဒီရေစီးကြောင်းနှင့် လျော်ညီသော၊ ဘက်ပေါင်းစုံ၏တောင်းဆိုချက်နှင့် ကိုက်ညီသော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းတစ်ခုကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ခဲ့ပြီး နိုင်ငံတကာဆက်ဆံရေးပုံစံသစ်၏ စံနမူနာကို စိုက်ထူခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် SCO အဖွဲ့အား အိမ်နီးချင်း သံတမန်ဆက်ဆံရေး၏ ဦးစားပေးနေရာ၌ အစဉ်အမြဲထားရှိရာ SCO အဖွဲ့ ခိုင်မာအားကောင်းအောင် အားထားဆောင်ရွက်ခဲ့ကြောင်း၊ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ကောင်းမွန်စွာ ထိန်းသိမ်း၍ အဖွဲ့ဝင်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်ဝပြောရေးကို မြှင့်တင်ကာ နီးကပ်သည့် အေးအတူ ပူအမျှ အသိုက်အဝန်းကို တည်ဆောက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယမန်နှစ် ဇူလိုင်လက တရုတ်နိုင်ငံသည် အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် လက်ခံသည့် အချိန်မှစ၍ အခမ်းအနား အစီအစဉ်များကို တက်ကြွစွာ ကျင်းပပြီး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးခဲ့ရာ သာယာလှပသည့် SCO မိသားစုဥယျာဉ် အတူတကွ တည်ဆောက်ရေးအတွက် ခိုင်မာသော ခြေလှမ်းများကို ဘက်ပေါင်းစုံက လျှောက်လှမ်းခဲ့ကြကြောင်း၊ ယခုနှစ်တွင် SCO ထျန်းကျင်းထိပ်သီးအစည်းအဝေး ကျင်းပမည်ဖြစ်ရာ မိမိအနေဖြင့် ထျန်းကျင်းတွင် အဖွဲ့ဝင်နိုင်ငံအသီးသီးခေါင်းဆောင်များနှင့် တွေ့ဆုံပြီး SCO အဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကြီးကို အတူတကွ ဆွေးနွေးသွားရန် မျှော်လင့်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ကစဉ့်ကလျား ပြောင်းလဲနေသည့် နိုင်ငံတကာအခြေအနေကို ရင်ဆိုင်ရာတွင် SCO သည် ဦးတည်ချက်ကို မှန်ကန်စွာရှုမြင်၍ ယုံကြည်ချက် ခိုင်မာရမည် ဖြစ်သလို ထိရောက်မှုမြင့်မားသော လှုပ်ရှားမှုဖြင့် ပို၍စွမ်းဆောင်ချက်ရှိရှိ လုပ်ဆောင်ပြီး ကမ္ဘာကြီးအတွက် ပိုမိုများပြားသည့် တည်ငြိမ်မှုနှင့် အပြုသဘောစွမ်းရည်များ ဖြည့်တင်းရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။

ပထမအနေဖြင့် တည်ထောင်သည့် မူလရည်ရွယ်ချက်ကို စွဲမြဲစွာ မှတ်သားကာ “ရှန်ဟိုင်းစိတ်ဓာတ်” ၏ မီးရှူးတန်ဆောင် လက်ဆင့်ကမ်းသူအဖြစ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမှုကို ပူးပေါင်းဆောင်ရွက်မှု၏ အခြေခံ အဖြစ်လည်းကောင်း၊ တန်းတူညီမျှမှု၊ ညှိနှိုင်းဆွေးနွေးမှုကို အပြန်အလှန်ဆက်ဆံမှု၏ နည်းလမ်းအဖြစ်လည်းကောင်း ထားရှိရမည် ဖြစ်ကြောင်း၊
အမျိုးစုံလင်သည့် ယဉ်ကျေးမှုကို လေးစားခြင်းဖြင့် သဟဇာတဖြစ်၍ အားလုံးပါဝင်မှုကို မြှင့်တင်ရမည် ဖြစ်သလို အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းခြင်းဖြင့် ဘုံအကျိုးဖြစ်ထွန်း၍ သာယာဝပြောမှုကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ “ရှန်ဟိုင်းစိတ်ဓာတ်” ဖြင့် SCO အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးလမ်းကို ဆက်လက်ထွန်းလင်းထားရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် ပြည်သူများ၏ မျှော်လင့်ချက်ကို တုံ့ပြန်ရမည်ဖြစ်ရာ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ခြင်း၏ လက်တွေ့ဖော်ဆောင်သူလုပ်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ လုံခြုံရေးခြိမ်းခြောက်မှုနှင့် စိန်ခေါ်မှုကို ရင်ဆိုင်သည့် ယန္တရားအား ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ရမည် ဖြစ်ရာ လုံခြုံရေးအတားအဆီးကို အခိုင်အမာ တည်ဆောက်ပြီး ပြည်သူများ၏ တည်ငြိမ်အေးချမ်းသောဘဝများအပေါ် မျှော်လင့်ချက်အား တုံ့ပြန်ရမည် ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနှင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်မှု စသည့် ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်များကို ချိတ်ဆက်ကာ ပို၍ အရည်အသွေးမြင့်ပြီး ပို၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်မှုကို ဖော်ဆောင်ခြင်းဖြင့် ပြည်သူများ၏ ကုံလုံပြည့်စုံသော၊ သာယာလှပသောဘဝအပေါ် ထားရှိသည့် မျှော်လင့်ချက်အား တုံ့ပြန်ရမည် ဖြစ်ကြောင်း၊ လူပုဂ္ဂိုလ်သွားလာမှု အဆင်ပြေလွယ်ကူစေအောင် လုပ်ဆောင်၍ ပြည်သူချင်းဖလှယ်မှုမြှင့်တင်ရမည်ဖြစ်ရာ နိုင်ငံအသီးသီး၏ ထူးခြားချက်ရှိသော လူမှုယဉ်ကျေးမှုအစီအစဉ်များကို ပိုမိုကျင်းပခြင်းဖြင့် ပြည်သူများ၏ စိတ်ဓာတ်ရေးရာ ချမ်းသာကြွယ်မှုအပေါ် ထားရှိသည့် မျှော်လင့်ချက်အား တုံ့ပြန်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တတိယအနေဖြင့် ခေတ်ကာလ၏ သမိုင်းပေးတာဝန်ကို ထမ်းဆောင်ကာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအား ယုံကြည်ချက်အခိုင်အမာဖြင့် လက်တွေ့ဖော်ဆောင်သူ လုပ်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ ဗိုလ်ကျစိုးမိုးမှု၊ အနိုင်ကျင့်ဗိုလ်ကျမှုများကို အခိုင်အမာ ဆန့်ကျင်ကာ ကမ္ဘာဗဟုဝင်ရိုး အသွင်ပြောင်းမှုကို ပိုမို တန်းတူညီမျှ၍ စနစ်ကျအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေမှုကို အခိုင်အမာလက်ကိုင်ထားကာ စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုကို ပို၍ အများအကျိုးဖြစ်ထွန်းရန်၊ အားလုံးပါဝင်ရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်းကို စည်းလုံးညီညွတ်စွာ ဦးဆောင်ခြင်းဖြင့် ပို၍ တရားမျှတမှု၊ ကျိုးကြောင်းဆီလျော်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ဆောက်ရေးကို တွန်းအားပေးကာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် တောင့်တင်းသည့် အရှိန်အဟုန်အင်အားကို စုစည်းရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ကောင်စီ အစည်းအဝေး သဘာပတိအနေဖြင့် တရုတ်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်ယူသည့်အချိန်မှစ၍ ကဏ္ဍစုံလုပ်ငန်းများ၏ တိုးတက်မှုနှင့် ထျန်းကျင်းထိပ်သီးအစည်းအဝေး ပြင်ဆင်မှု အခြေအနေကို အစီရင်ခံ ပြောကြားခဲ့သည်။

ပြည်ပနိုင်ငံများကိုယ်စားလှယ်အနေဖြင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗ်‌ရော့ဗ်က အမှာစကား ပြောကြားရာတွင် SCO သည် အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ တန်းတူညီမျှရှိမှု၊ ညှိနှိုင်းဆွေးနွေးမှု၊ အမျိုးစုံလင်သည့် ယဉ်ကျေးမှုများအား လေးစားမှု၊ အတူတကွဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှု ဟူသော “ရှန်ဟိုင်းစိတ်ဓာတ်” ကို အခိုင်အမာ လက်ကိုင်ထားရာ ကမ္ဘာသိ ပူးပေါင်းဆောင်ရွက်သည့် အောင်မြင်မှုရလဒ်များ ရရှိခဲ့သလို နိုင်ငံတကာဆွဲဆောင်မှုသည်လည်း စဉ်ဆက်မပြတ် အားကောင်းလာကြောင်း ပြောကြားခဲ့သည်။

“ရှန်ဟိုင်းစိတ်ဓတ်” သည် အဖွဲ့ဝင်နိုင်ငံများ၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီပြီး အားကောင်းသည့် ရှင်သန်မှုစွမ်းအားရှိသည်ကို လက်တွေ့က သက်သေပြပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို လက်ခံသည့်အချိန်မှစ၍ အခမ်းအနားအစီအစဉ်များစွာ ကျင်းပကာ တိုးတက်မှုအသစ်များရရှိအောင် SCO အဖွဲ့အား တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ ရှုပ်ထွေးလှသည့် နိုင်ငံတကာအခြေအနေကို ရင်ဆိုင်ရာတွင် SCO သည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခိုင်အမာလက်ကိုင်ထားသင့်ပြီး နိုင်ငံတကာ စည်းစနစ် ပို၍ တရားမျှတသော၊ ကျိုးကြောင်းဆီလျော်သော ဦးတည်ချက်သို့ တိုးတက်စေရန် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဘက်ပေါင်းစုံအနေဖြင့် တရုတ်နိုင်ငံ၏ ဥက္ကဋ္ဌနိုင်ငံလုပ်ငန်းများ၊ သဘောတူညီချက် စုစည်းမှု၊ ထျန်းကျင်းထိပ်သီးအစည်းအဝေး အပြည့်အဝ အောင်မြင်ရေး အာမခံဆောင်ရွက်မှုများကို တက်ကြွစွာ အားပေးထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။