၃၂ ကြိမ်မြောက် အာဆီယံ ဒေသတွင်း ဖိုရမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ဝမ်ရိ တက်ရောက်

Xinhua, July 14, 2025
Size:

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ၂၀၂၅ ခုနှစ် ဇူလိုင် ၁၁ ရက် ညနေပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ၃၂ ကြိမ်မြောက် အာဆီယံ ဒေသတွင်းဖိုရမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ၃၂ ကြိမ်မြောက် အာဆီယံ ဒေသတွင်း ဖိုရမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၁ ရက် ညနေပိုင်းတွင် တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ဝမ်ရိက လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ယှက်နွှယ်ဆက်စပ်လျက်ရှိကြောင်း၊ အာရှ-ပစိဖိတ်ဒေသ၏ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ယေဘုယျ ငြိမ်းချမ်းတည်ငြိမ်သည့် ဒေသတွင်း ပတ်ဝန်းကျင်၏ အကျိုးကျေးဇူးကြောင့်ဖြစ်ရာ ဆထက်ထမ်းပိုး တန်ဖိုးထားသင့်ကြောင်း ပြောကြားခဲ့သည်။
အာဆီယံ ဒေသတွင်း ဖိုရမ် (ARF) သည် အာဆီယံ ဦးဆောင်သော၊ အာရှ-ပစိဖိတ်ဒေသ၏ အရေးကြီးသည့် နိုင်ငံစုံ လုံခြုံရေးဆိုင်ရာ ပလက်ဖောင်းဖြစ်ရာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းရာတွင် အရေးကြီးသည့် တာဝန်ဝတ္တရားရှိပါကြောင်း၊ “အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅” တွင် ARF ကို ပြန်လည် တိုးတက်အားကောင်အောင် ဆောင်ရွက်ရန်၊ ယုံကြည်မှုအစီအမံများ တည်ဆောက်ရေးကို အားဖြည့်ရန် အဆိုပြုထားကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

မျက်မှောက်ကမ္ဘာသည် မတည်မငြိမ်၊ ပြုပြင်ပြောင်းလဲသည့် ကာလသို့ ဝင်ရောက်လာရာ အာရှ-ပစိဖိတ်ဒေသ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို အာမခံနိုင်ရန်၊ ARF ကို ရှိသင့်သည့်အခန်းကဏ္ဍတွင် ဆက်လက်ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံ၏ အယူအဆမှာ အတူတကွ၊ ဘက်စုံ၊ ပူးပေါင်းဆောင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ်သည့် လုံခြုံရေးအမြင်ကို လက်ကိုင်ထားရန်၊ ဟန်ချက်ညီသော၊ ထိရောက်သော၊ စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံရေးဖွဲ့စည်းပုံ တည်ဆောက်ရေးကို တွန်းအားပေးရန်၊ ဆိုးတူကောင်းဖက် အတူမျှဝေနိုင်သော၊ တူညီမှုများကို ရှာဖွေပြီး ကွဲပြားမှုများကို ထိန်းသိမ်းထားသော၊ တွေ့ဆုံညှိနှိုင်း ဆွေးနွေးသော အာရှတိုက်လုံခြုံရေးပုံစံကို တက်ကြွစွာ တည်ဆောက်ရန်၊ ထိပ်တိုက်ရင်ဆိုင်မှု မဟုတ်သည့် တွေ့ဆုံဆွေးနွေးမှု၊ မဟာမိတ်ဖွဲ့ခြင်း မဟုတ်သည့် မိတ်ဖက်ဆက်ဆံမှု၊ အနိုင်အရှုံးအားပြိုင်ခြင်း မဟုတ်သည့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှုရှိသော ပုံစံသစ် လုံခြုံရေးလမ်းကြောင်းကို လျှောက်လှမ်းရန် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ပထမအနေဖြင့် ဆိုးတူကောင်းဖက် အတူမျှဝေမှုကို လက်ကိုင်ထားရမည် ဖြစ်ကြောင်း၊ ကမ္ဘာတွင် “လုံးဝဥဿုံလုံခြုံမှု” ဟူ၍ မရှိသလို မည်သူ၏လုံခြုံရေးက မည်သူထက်ပို၍ အရေးကြီးသည်ဟု ပို၍ပင်မရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ အနိုင်အရှုံး အားပြိုင်သည့်သဘောထားက ကွဲလွဲမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်စေရာ လုံခြုံရေးကာကွယ်ထိန်းသိမ်းသည့် ရည်မှန်းချက်နှင့် ဆန့်ကျင်ဘက်လမ်းကြောင်းကို လျှောက်လှမ်းနေကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားရမည် ဖြစ်သလို အငြင်းပွားမှုကို ငြိမ်ချမ်းစွာ ဖြေရှင်းရမည် ဖြစ်ကြောင်း၊ လက်နက်အင်အားသုံးခြင်း သို့မဟုတ် လက်နက်အင်အားဖြင့် ခြိမ်းခြောက်ခြင်းကို ဆန့်ကျင်ကာ ပဋိပက္ခနှင့် စစ်ပွဲ၏ ဇာစ်မြစ်ကို အပေါ်ယံရော အရင်းအမြစ်ကပါ ရှင်းလင်းဖယ်ရှားရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် တူညီမှုများကို ရှာဖွေပြီး ကွဲပြားမှုများကို ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ “ သဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းရေးကို တန်ဖိုးထားခြင်း”၊ “သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ခြင်း” ဟူသော အရှေ့တိုင်းဉာဏ်ပညာကို အာရှတိုက်က တောင်းဆိုလျက်ရှိကြောင်း၊ ယခုနှစ်သည် ဘန်ဒေါင်းညီလာခံ ကျင်းပသည့် နှစ် ၇၀ ပြည့် ဖြစ်ကြောင်း၊ မိမိတို့သည် ဘန်ဒေါင်းစိတ်ဓာတ်မှ ဉာဏ်ပညာများကို သင်ယူကာ တူညီမှုများကို စုစည်း၍ ကွဲပြားမှုများကို ဖြေလျှော့ရမည် ဖြစ်သလို ဘက်ပေါင်းစုံ၏ သင့်လျော်မှုရှိသော လုံခြုံရေးစိုးရိမ်မှုများကို အလေးထားဂရုစိုက်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တတိယအနေဖြင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများကို လက်တွေ့ဖော်ဆောင်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ မိမိတို့အနေဖြင့် ဒေသတွင်းနိုင်ငံများနှင့်အတူ စိတ်ရင်းစေတနာအမှန်ဖြင့် ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် နားလည်မှုနှင့် ယုံကြည်မှု တိုးပွားစေရန်၊ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုမှတစ်ဆင့် ကွဲလွဲမှုများကို ရင်ကြားစေ့ဖြေရှင်းရန်၊ ARF ၏ ကဏ္ဍစုံတွင် ယုံကြည်မှု အစီအမံတည်ဆောက်ရေးနှင့် ကြိုတင်ကာကွယ်မှုသံတမန်ရေးအတွက် ရှင်သန်စွမ်းအားများ ပိုမိုဖြည့်တင်းသွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။