တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းအား ဇွန် ၂၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)
တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုနိုင်ငံကြီး၊ စားသုံးမှုနိုင်ငံကြီး၊ ဆန်းသစ်တီထွင်မှုနိုင်ငံကြီးအား ဆက်လက်တည်ဆောက်သွားပြီး ကမ္ဘာ့စီးပွားရေး လိုအပ်ချက်အတွက် မိမိ၏ဖွံ့ဖြိုးတိုးတက်မှုစွမ်းရည်ဖြင့် အကျိုးထမ်းဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။
နွေရာသီ ဒါဗို့စ်ဖိုရမ်ကို မကြာသေးမီက တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ ကျင်းပပြီးစီးခဲ့ကြောင်း၊ ကမ္ဘာ့စီးပွားရေးဖိုရမ် ဥက္ကဋ္ဌ Borge Brende က မကြာသေးမီက သူနိုင်ကိုယ်ရှုံး၊ အနိုင်ရသူက အကျိုးအမြတ် အားလုံး ခံစားရခြင်းဟူသည့် အယူအဆဟောင်းများတွင် တွယ်ကပ်နေခြင်းမဟုတ်ဘဲ “သင်တို့စီးပွားရေးအတွက် ကောင်းတာဟာ ကျွန်တော်တို့စီးပွားရေးအတွက်ကောင်းတာပဲ” ဟူသည့် နှစ်ဖက် အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် အယူအဆသို့ ပြန်လည်သွားရောက်ရမည်ဟု ပြောကြားခဲ့ကြောင်း၊ တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်စီးပွားပတ်ဝန်းကျင် မတည်ငြိမ်မှု၊ မသေချာမရေရာမှုများ ဆိုးရွားလာသည့် နောက်ခံအခြေအနေတွင် တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မည်သည့်အခန်းကဏ္ဍမှ ပါဝင်နိုင်မည်နည်းဟု ထိုနေ့သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က မေးမြန်းခဲ့သည်။
ကောကျားခွန်းက ၁၆ ကြိမ်မြောက် နွေရာသီ ဒါဗို့စ်ဖိုရမ်ကို တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး နိုင်ငံအသီးသီးမှ ဧည့်သည်တော်များနှင့် တွေ့ဆုံဆွေးနွေးကာ ကုန်သည်စီးပွားစက်မှုလောကမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးဖလှယ်ခဲ့ကြောင်း၊ ယင်းသည် တရုတ်စီးပွားရေး စဉ်ဆက်မပြတ် တည်ငြိမ်ကောင်းမွန်စွာ တိုးတက်ရေးအတွက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ယုံကြည်ချက်ကို အပြည့်အဝ ထင်ဟပ်စေသည့်အပြင် ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွင် ပေါင်းစပ်ပါဝင်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေးအတွက် တရုတ်စွမ်းအားဖြင့် အကျိုးဆောင်ပေးသည့် တံခါးဖွင့်လှစ်မှု ယုံကြည်ချက်ကို အားကောင်းစွာ ပြသပေးလိုက်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အများအကျိုးဖြစ်ထွန်း၍ အားလုံးပါဝင်သည့် စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုကို မမှိတ်မသုန် လက်ခံ၍ တန်းတူညီမျှစွာ ဆွေးနွေးညှိနှိုင်းမှုဖြင့် ဒွိဟကွဲလွဲမှုများကို ဖြေရှင်းရန်၊ အပြန်အလှန်အကျိုးပြုသည့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားအား ကာကွယ်ထိန်းသိမ်းရန်၊ တိုးချဲ့မှုအင်အားများဖြင့် အပြန်အလှန် အောင်မြင်မှုများ ဖြစ်ထွန်းစေခြင်းအား ဖော်ဆောင်ရန် ရပ်တည်ချက်ကို ကိုင်စွဲထားကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုနိုင်ငံကြီး၊ စားသုံးမှုနိုင်ငံကြီး၊ ဆန်းသစ်တီထွင်မှုနိုင်ငံကြီးအား ဆက်လက်တည်ဆောက်သွားပြီး ကမ္ဘာ့စီးပွားရေး လိုအပ်ချက်အတွက် မိမိရဲ့ဖွံ့ဖြိုးတိုးတက်မှုစွမ်းရည်ဖြင့် အကျိုးထမ်းဆောင်သွားမှာဖြစ်ပါတယ်”၊ “နိုင်ငံအသီးသီးက လုပ်ငန်းကုမ္ပဏီတွေ တရုတ်နိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းများကို နက်နက်ရှိုင်းရှိုင်းဖော်ဆောင်ကာ တရုတ်နိုင်ငံနဲ့အတူ ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုဆိုပါတယ်။ ဘက်ပေါင်းစုံနဲ့အတူ မှန်ကန်သည့်လမ်းစဉ်ကို လျှောက်လှမ်းသော၊ တိုးချဲ့သော၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ကာ ပိုမိုသာယာလှပတဲ့ အနာဂတ်ကို အတူတကွဖန်တီးသွားလိုပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။