အဖွဲ့ဝင်အသစ်ဖြစ်သည့် အင်ဒိုနီးရှားနှင့် မိတ်ဖက်နိုင်ငံ ၁၀ နိုင်ငံက BRICS ပူးပေါင်းဆောင်ရွက်မှု ယန္တရားတွင် ပါဝင်ပြီးနောက် ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေးတွင် “Greater BRICS” ၏ ပထမဆုံးအကြိမ် ပေါ်ထွက်လာမှုမှာ လူအများ၏ စိတ်ဝင်စားခြင်းခံခဲ့ရသည်။ China Media Group (CMG) CGTN သည် တစ်ကမ္ဘာလုံးမှ အင်တာနက်အသုံးပြုသူများကို မျက်နှာမူ၍ ပြည်သူ့သဘောထား စစ်တမ်းကောက်ယူမှု လုပ်ဆောင်ခဲ့ရာ စစ်တမ်းဖြေကြားသူပေါင်း ၉၁.၂ ရာခိုင်နှုန်းက BRICS ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် တန်းတူညီမျှ၍ စနစ်ကျသော ဗဟုဝင်ရိုးကမ္ဘာကြီးနှင့် အများအကျိုးပြု၍ အားလုံးပါဝင်သည့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်း ဖော်ဆောင်ရာတွင် အရေးကြီး အင်အားဖြစ်လာပြီဖြစ်ကြောင်း ယူဆကြသည်။
စစ်တမ်းကောက်ယူရာတွင် စစ်တမ်းဖြေကြားသူပေါင်း ၉၄.၇ ရာခိုင်နှုန်းက BRICS ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် အဖွဲ့ဝင်နိုင်ငံများ၏ အမေရိကန်ဒေါ်လာအပေါ် အားကိုးမှုကို လျှော့ချပေးလိုက်သည့်အပြင် ၎င်းတို့က ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစီမံခန့်ခွဲမှုအတွင်း ပြောဆိုခွင့်ကိုလည်း မြှင့်တင်ပေးလိုက်ကြောင်း ယူဆကြသည်။ စစ်တမ်းဖြေကြားသူပေါင်း ၈၉.၁ ရာခိုင်နှုန်းက အဆိုပါယန္တရားသည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရန်၊ ပိုမိုတရားမျှတ၍ အားလုံးပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ဆောက်ရန်အတွက် အဖိုးတန်သော လက်တွေ့ဖော်ဆောင်မှု အတွေ့အကြုံများ ပံ့ပိုးပေးလိုက်သည်ဟု ချီးကျူးကြသည်။ စစ်တမ်းဖြေကြားသူပေါင်း ၉၁.၂ ရာခိုင်နှုန်းက BRICS အဖွဲ့ဝင်နိုင်ငံများသည် လက်ရှိ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာရေးနှင့် ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် “အရှိန်မြှင့်စက်” ဖြစ်လာနိုင်ခြေရှိသည်ဟု ယူဆကြသည်။
အဖွဲ့ဝင်တိုးလာပြီးနောက် “Greater BRICS” ၏ လူဦးရေသည် တစ်ကမ္ဘာလုံး၏ တစ်ဝက်နီးပါးရှိကာ စီးပွားရေးစုစုပေါင်းပမာဏသည် ၃ ပုံ ၁ ပုံထက်ကျော်သည်။ စစ်တမ်းကောက်ယူမှုအရ စစ်တမ်းဖြေကြားသူပေါင်း ၈၈.၉ ရာခိုင်နှုန်းက BRICS ပူးပေါင်းဆောင်ရွက်မှု ယန္တရား၏ လွှမ်းမိုးမှုအားသည် အဆက်မပြတ်တိုးချဲ့လာနေသည်ဟု ယူဆကြသည်။ စစ်တမ်းဖြေကြားသူပေါင်း ၈၉.၁ ရာခိုင်နှုန်းက ယင်းသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်က ပိုမိုဒီမိုကရေစီဆန်သော၊ ပိုမိုတရားမျှတသော လားရာဆီသို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးရန် အကျိုးပြုသည်ဟု ယူဆကြသည်။
ထို့ပြင် စစ်တမ်းဖြေကြားသူပေါင်း ၉၀.၄ ရာခိုင်နှုန်းက တရုတ်နိုင်ငံသည် ထွန်းသစ်စ ဈေးကွက်နိုင်ငံနှင့် “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများ ခေတ်မီမှုဖော်ဆောင်ရေးအတွက် ပိုမိုများပြားသည့် အတွေ့အကြုံနှင့် အခွင့်အလမ်းများ ဖန်တီးပေးရန် မျှော်လင့်နေကြသည်။
အဆိုပါစစ်တမ်းကောက်ယူမှုကို CGTN အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ အာရပ်နှင့် ရုရှားဘာသာစကား ပလက်ဖောင်း၌ ဖော်ပြခဲ့ရာ ၂၄ နာရီအတွင်း အင်တာနက်အသုံးပြုသူ ၆၅၄၁ ဦးက စစ်တမ်းတွင် ပါဝင်ဖြေကြား၍ မိမိသဘောထားအမြင်များ ထုတ်ဖော်ပြောကြားခဲ့သည်။