တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်က ထိုင်းနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ ဝမ်မူဟာမက် နူအာမာသာ (Wanmuhamadnoor Matha) နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဇွန် ၂၂ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်သည် ထိုင်းနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ ဝမ်မူဟာမက် နူအာမာသာ (Wanmuhamadnoor Matha) နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဇွန် ၂၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ဟုနင်က ယခုနှစ် ဖေဖော်ဝါရီတွင် တရုတ်-ထိုင်း အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးနှင့် စပ်လျဉ်း၍ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာသော ဝန်ကြီးချုပ် ပေထုံတန်တို့ အရေးကြီးသော ဘုံသဘောတူညီမှုများ ရရှိခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးတည်ချက်ကို တစ်ဆင့်တိုး လမ်းညွှန်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့်အတူ သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၅၀ ပြည့် နှစ်ပတ်လည် ဂုဏ်ပြုခြင်းကို အခွင့်အလမ်းအဖြစ် “တရုတ်-ထိုင်း မိသားစုပမာ ချစ်ကြည်ရင်းနှီးမှု” အစဉ်အလာချစ်ကြည်ရေးကို ဆက်လက် လက်ဆင့်ကမ်းသွားပြီး တရုတ်-ထိုင်း အေးအတူပူအမျှအသိုက်အဝန်း၏ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်သူ့ဆန္ဒအခြေခံကို ခိုင်မာအောင် ဆောင်ရွက်ကာ နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုသွားလိုကြောင်း၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် အကျိုးဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်မူဟာမက် နူအာမာသာက ထိုင်း-တရုတ် ချစ်ကြည်ရေးသည် ရှည်လျားသော သမိုင်းကြောင်းရှိပြီး “ထိုင်း-တရုတ် မိသားစုပမာ ချစ်ကြည်ရင်းနှီးမှု” သည် နှစ်နိုင်ငံပြည်သူများ စိတ်နှလုံးတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေကြောင်း၊ ထိုင်းနိုင်ငံသည် သမ္မတရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာအဆိုပြုချက်များစွာကို ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်ခြင်း၊ ကုန်သွယ်စီးပွားရေး၊ ခရီးသွားလုပ်ငန်း အပါအဝင် ကဏ္ဍအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်သွားလိုကြောင်း၊ ယခုနှစ်သည် ထိုင်း-တရုတ် သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၅၀ ပြည့် နှစ်ပတ်လည်ဖြစ်ရာ ထိုင်းနိုင်ငံလွှတ်တော်အနေဖြင့် တရုတ်ဘက်နှင့်အတူ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်ဆောင်ရွက်ကာ နှစ်နိုင်ငံ ဘုံဖွံ့ဖြိုးသာယာဝပြောရေးအား မြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဟူချွန်းဟွာ၊ ဝမ်တုန်းဖုန်း စသည်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။