တတိယအကြိမ် တရုတ်-အာဆီယံ ကာကွယ်ရေးကဏ္ဍ တတ်သိပညာရှင် နှီးနှောဖလှယ်ပွဲ အခမ်းအနားအား ၂၀၂၅ ခုနှစ် ဇွန် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တတိယအကြိမ်မြောက် တရုတ်-အာဆီယံ ကာကွယ်ရေးကဏ္ဍ တတ်သိပညာရှင် နှီးနှောဖလှယ်ပွဲ ကို ဇွန် ၁၉ ရက်က တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့တွင် ဖွင့်လှစ်ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံ၊ အာဆီယံ ၁၀ နိုင်ငံ၊ အရှေ့တီမောနိုင်ငံများမှ ကာကွယ်ရေးမူဝါဒ အရာရှိ၊ သက်ဆိုင်ကဏ္ဍ ကျွမ်းကျင်ပညာရှင်နှင့် တတ်သိပညာရှင်အဖွဲ့ ကိုယ်စားလှယ် ၁၆၀ ကျော် တက်ရောက်ခဲ့ကြသည်။
အဆိုပါနှီးနှောဖလှယ်ပွဲကို တရုတ်ပြည်သူ့လွတ်မြေက်ရေးတပ်မတော် စစ်သိပ္ပံအကယ်ဒမီက ကြီးမှူးကျင်းပခြင်း ဖြစ်ပြီး တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးကဏ္ဍ ဉာဏ်ပညာအင်အားများ စုစည်းနိုင်ရန်၊ မဟာဗျူဟာညှိနှိုင်းဆွေးနွေးမှုများ နက်ရှိုင်းစေရန်၊ လုံခြုံရေးကဏ္ဍ အပြန်အလှန် ယုံကြည်မှု တိုးမြှင့်စေရန်၊ ပို၍နီးကပ်မှုရှိသည့် တရုတ်-အာဆီယံ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ဉာဏ်ပညာပံ့ပိုးမှုပေးရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအကြိမ်နှီးနှောဖလှယ်ပွဲကို “ဒေသတွင်းငြိမ်းချမ်းရေးအတူမြှင့်တင်ကာ အေးချမ်းသာယာသော မိသားစုဥယျာဉ် အတူတည်ဆောက်ရေး” ဟူသော ခေါင်းစဉ်ဖြင့် သုံးရက်ကြာကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ယင်းကာလတွင် အခမ်းအနားတက်ရောက်သည့် ကိုယ်စားလှယ်များက “ကံကြမ္မာတူ၊ အကျိုးတူဖြစ်သော တရုတ်-အာဆီယံ ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လက်ရှိအခြေအနေနှင့် အနာဂတ်မျှော်မှန်းချက်” ဟူသော ဆွေးနွေးမှုခေါင်းစဉ်ကို ဗဟိုပြု၍ နက်ရှိုင်းစွာ ဆွေးနွေးသွားမည်ဖြစ်သည်။
တရုတ်-အာဆီယံ ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမှ ရရှိသော အပြုသဘောတိုးတက်မှုများကို ပြန်လည်အောက်မေ့ခြင်း၊ လက်ရှိ ဒေသတွင်းလုံခြုံရေးအခြေအနေ ရင်ဆိုင်နေရသော အခွင့်အလမ်းသစ်နှင့် စိန်ခေါ်မှုအသစ်များအား သုံးသပ်ခြင်းနှင့် အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းရန်၊ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ တိုးချဲ့ရန် ၊ ပူးပေါင်းဆောင်ရွက်မှု ယန္တရား ဆန်းသစ်ဖန်တီးရန်၊ ဘုံလုံခြုံရေးခြိမ်းခြောက်မှုများကို ထိရောက်စွာ ရင်ဆိုင်ရန်စသည်တို့ကို မည်သို့ နက်ရှိုင်းစွာ ဆောင်ရွက်မည်နည်းနှင့်စပ်လျဉ်း၍ အမြင်သဘောထားများကို မျှဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် “နိုင်ငံတကာအခင်းအကျင်း ဆင့်ကဲဖြစ်ပေါ်မှုအတွင်း အာဆီယံ၏အခန်းကဏ္ဍ”၊ “ဒေသတွင်းလုံခြုံရေးမူဘောင်အတွင်းက ယန္တရား ဆန်းသစ်ဖန်တီးမှု”၊ “ပင်လယ်ရေကြောင်းလုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့် အကျပ်အတည်းအန္တရာယ်စီမံထိန်းချုပ်မှု”၊ “ထွန်းသစ်စနည်းပညာ စစ်ဘက်ဆိုင်ရာ အသုံးချမှုနှင့် စီမံခန့်ခွဲမှု” စသည့် အဓိကဆွေးနွေးမှုခေါင်းစဉ် ၄ ခုကို နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် တရုတ်-အာဆီယံ ကာကွယ်ရေးကဏ္ဍ တတ်သိပညာရှင် နှီးနှောဖလှယ်ပွဲကို ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သည်။