
ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ ညခြမ်းအလှမြင်ကွင်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗီယက်နမ်အစိုးရက ၎င်းနိုင်ငံအလယ်ပိုင်းရှိ ဗဟိုမှ တိုက်ရိုက်အုပ်ချုပ်သောမြို့ ဒါနန်း (Da Nang) မြို့တွင် ဗီယက်နမ်၏ ပထမဆုံး လွတ်လပ်သော ကုန်သွယ်ရေးဇုန် ထူထောင်ရန် ဇွန် ၁၃ ရက်က အတည်ပြုခဲ့ကြောင်း ဗီယက်နမ်မီဒီယာ၏ ဇွန် ၁၆ ရက် သတင်းဖော်ပြမှုအရ သိရသည်။
ဒါနန်း လွတ်လပ်သော ကုန်သွယ်ရေးဇုန်ဧရိယာသည် ၁,၈၈၁ ဟက်တာရှိပြီး ထုတ်လုပ်ရေး၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်ထုတ်ကုန်လုပ်ငန်း၊ အချက်အလက်နည်းပညာစသည့် စွမ်းဆောင်မှုဧရိယာအများအပြားရှိကြောင်း၊ ဒါနန်းအဆင့်မြင့်နည်းပညာဥယျာဉ်နှင့် စက်မှုလုပ်ငန်းဇုန်အသီးသီး စီမံခန့်ခွဲရေးကော်မတီအား အမျိုးသား စီမံခန့်ခွဲမှုတာဝန် တိုက်ရိုက်ထမ်းဆောင်သော အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားကြောင်း သတင်းဖော်ပြမှုအရ သိရသည်။
ဗီယက်နမ်နိုင်ငံ ၁၅ ကြိမ်မြောက် အမျိုးသားလွှတ်တော်၏ နဝမအကြိမ်မြောက် အစည်းအဝေးက ပြည်နယ်အဆင့် စီမံအုပ်ချုပ်ရေးဌာနများ ပေါင်းစည်းရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ဇွန် ၁၂ ရက်၌ မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့ရာ နိုင်ငံတစ်ဝန်း ပြည်နယ်အဆင့် စီမံအုပ်ချုပ်ရေးဌာန ၆၃ ခုမှ ၃၄ ခုအထိ ကျစ်လစ်စွာ ဖွဲ့စည်းခဲ့သည်။ ယင်းအနက် ဒါနန်းမြို့နှင့် ကွမ်နန် (Quang Nam) ပြည်နယ် ပေါင်းစည်းကာ ဒါနန်းမြို့ အသစ်ဧရိယာမှာ ၁၁,၀၀၀ စတုရန်းကီလိုမီတာ ရှိသည်။
ဒါနန်းမြို့၌ လွတ်လပ်သော ကုန်သွယ်ရေးဇုန် ထူထောင်ရန် ရွေးချယ်ရခြင်းသည် နှစ်များစွာ အစီအစဉ်ရေးဆွဲခြင်း၊ စေ့စပ်သေချာစွာပြင်ဆင်ခြင်း ရလဒ်ဖြစ်ကြောင်း၊ ဒါနန်း လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်သည် တံခါးဖွင့် စီးပွားရေးပုံစံတစ်မျိုးဖြစ်သည်သာမက စည်းစနစ်ဆိုင်ရာ စမ်းသပ်ခန်းအဖြစ် ဖြစ်လာရန်၊ ရင်းနှီးမြှုပ်နှံမှု၊ အခွန်စည်းကြပ်မှု၊ အကောက်ခွန်၊ သိပ္ပံနည်းပညာ၊ ဘဏ္ဍာရေး၊ လူအရင်းအမြစ်စွမ်းအားနှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲရေးစသည့် မူဝါဒအသစ်များအတွက် စမ်းသပ်ကျင့်သုံးရာနေရာဖြစ်လာရန်၊ ဗီယက်နမ်အလယ်ပိုင်း ကုန်းမြင့်ဒေသမှ နိုင်ငံတစ်ဝန်း တိုးတက်မှုဝင်ရိုးစွန်းအသစ်ဖြစ်လာရန် ပို၍ အလားအလာရှိကြောင်း Voice of Vietnam (VOV) ရေဒီယိုလိုင်း သတင်းဖော်ပြမှုအရ သိရသည်။