ယခုလ ၁၆ရက်နေ့က တရုတ် အစိုးရသည် မေလ အမျိုးသား စီးပွားရေး လည်ပတ်မှု အခြေအနေ စာရင်းကို ထုတ်ပြန်ခဲ့သည်။ မေလတွင် တရုတ် လူမှုစားသုံးကုန် လက်လီ ရောင်းချမှု စုစုပေါင်း ပမာဏမှာ ယွမ်ငွေ ၄၁၃၂.၆ဘီလီယံရှိပြီး ယမန်နှစ် မေလကထက် ၆.၄ ရာခိုင်နှုန်း တိုးလာကြောင်း၊ တစ်ပြည်လုံး အတိုင်းအတာ အသင့်အတင့် ရှိသည့် စက်မှု လုပ်ငန်း ထပ်တိုးတန်ဖိုးသည် ယမန်နှစ် မေလ ကထက် ၅.၈ရာခိုင်နှုန်း တိုးလာကြောင်း၊ ကုန်ပစ္စည်း သွင်းကုန်ပို့ကုန် စုစုပေါင်း တန်ဖိုးမှာ ယွမ်ငွေ ၃၈၀၉.၈ဘီလီယံ ရှိပြီး ယမန်နှစ် မေလကထက် ၂.၇ရာခိုင်နှုန်း တိုးလာကြောင်း၊ စစ်တမ်းကောက်ယူထားသည့် တစ်ပြည်လုံး မြို့ပြ အလုပ်လက်မဲ့ဖြစ်မှုနှုန်းမှာ ၅ရာခိုင်နှုန်း ရှိပြီး ဧပြီလကထက် ကျဆင်းလာကြောင်း အဆိုပါ စာရင်းအရ သိရသည်။
ယင်းစာရင်းမှတစ်ဆင့် တရုတ် စီးပွားရေး၏ မီးမောင်းထိုးပြမှု အချက်များကို တွေ့မြင် နိုင်သည်။ ပထမ အချက်ကို ခြုံငုံကြည့်လျှင် တရုတ် စီးပွားရေးသည် တည်ငြိမ်စွာ လည်ပတ် နေသည်။ ဒုတိယ အချက် ကတော့ တရုတ် စီးပွားရေးတွင် ဆန်းသစ်တီထွင်မှု များစွာ ပါဝင်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်နေသည့် ထူးခြားချက် သိသာထင်ရှားသည်။ ထို့အပြင် ပြောသင့်ပြောထိုက်သည့် အချက်တစ်ချက်မှာ တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှုက ဖိအားဒဏ် ခံခဲ့ရသော်လည်း ဆက်တိုက် ဖွံ့ဖြိုးတိုးတက်နိုင်ခဲ့ခြင်းသည် တရုတ် စီးပွားရေး၏ ရေရှည်ခိုင်မာမှု ရှိခြင်းကို ထင်ဟပ်နေသည်။
ရှုပ်ထွေးခက်ခဲတင်းမာသော ပြင်ပပတ်ဝန်းကျင်ကို ရင်ဆိုင်ခဲ့ရသည့် တရုတ် စီးပွားရေး သည် ရေရည်ခိုင်မာမှုကို မည်သို့ ထိန်းသိမ်းထားနိုင်သေးသနည်း။ ပြင်ပ အကြောင်းများကို ကြည့်လျှင် မေလက ကျင်းပခဲ့သော တရုတ်-အမေရိကန် ဂျီနီဗာ စီးပွားကုန်သွယ်ရေး ဆွေးနွေးပွဲတွင် လက်တွေ့ကျသော တိုးတက်မှု ရရှိပြီး အရေးကြီး သဘောတူညီမှု ရရှိခဲ့ခြင်း သည် နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ဆက်ဆံမှု ကောင်းမွန်လာစေရန် အတွက် အကျိုးရှိသည့် အပြင်၊ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း အကျိုးရှိသည်။ ပြည်တွင်း အကြောင်းများကို ကြည့်လျှင် တရုတ် စီးပွားရေး အခြေခံ အခြေအနေ ကောင်းမွန်ပြီး ကျယ်ပြန့်သော ဈေးကွက် ရှိကာ ရှေ့အလားအလာ များစွာ ရှိသည်။ ပြည်ပမှ ဝယ်လိုအား လျော့နည်းလာသည့် အခြေအနေမျိုးတွင် နဂိုက ပြည်ပသို့ တင်ပို့ရောင်းချရန် ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို ပြည်တွင်းမှာ ရောင်းချခြင်း(domestic sales of commodities originally produced for exports) စသည့် နည်းလမ်းများဖြင့် ပြည်တွင်း ဈေးကွက်၏ ရှေ့အလားအလာကို ဖော်ထုတ်နိုင်သည်။ တစ်ချိန်တည်းတွင် တရုတ် သိပ္ပံနည်းပညာ အင်အား အဆက်မပြတ် တိုးမြင့်လာသည်နှင့်အမျှ စက်မှုလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေး အသွင်ကူးပြောင်းမှုနှင့် အဆင့်မြှင့်တင်မှုများကို အရှိန်မြှင့် ဆောင်ရွက်ပြီး အထွေထွေ ယှဉ်ပြိုင်နိုင်စွမ်း တစ်နေ့တခြား တိုးမြင့်လာကာ တရုတ် စီးပွားရေး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနေသည်။
ထို့အပြင်၊ ယမန်နှစ် စက်တင်ဘာလ မှစ၍ တရုတ် အစိုးရမှ စီးပွားရေး တည်ငြိမ်စေရေး ဆိုင်ရာ မက္ကရို မူဝါဒများကို ထုတ်ပြန်ကျင့်သုံးခဲ့ခြင်းသည် ပြည်တွင်း ဝယ်လိုအား တိုးပွားခြင်း၊ ကုန်ထုတ်လုပ်မှု တိုးတက်ခြင်းနှင့် ရှင်သန်မှု ထုတ်လွှတ်ခြင်းများကို တိုးမြှင့်ခဲ့သည်။ ထို့ကြောင့် တရုတ် စီးပွားရေးသည် အန္တရာယ်နှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် ယုံကြည်မှု ရှိသည်။
ကမ္ဘာ အတွက် တရုတ် စီးပွားရေး တည်ငြိမ်စွာ လည်ပတ်ခြင်းသည် အရေးကြီးသည့် ကောင်းကျိုး တစ်ခု ဖြစ်သည်။ မကြာခင်က ကျင်းပခဲ့သည့် တရုတ်-အမေရိကန် ညှိနှိုင်း ဆွေးနွေးရေး ယန္တရား ပထမဆုံး အကြိမ် အစည်းအဝေးတွင် တိုးတက်မှုသစ် ရရှိခဲ့ခြင်းသည် ကမ္ဘာ့ စီးပွားရေး အတွက် ပိုမို များပြားသည့် တည်ငြိမ်မှုနှင့် သေချာမှုများကို ထည့်သွင်း ပေးခဲ့သည်။ သို့သော် တရုတ် နိုင်ငံ၏ ပြင်ပ ပတ်ဝန်းကျင်သည် ရှုပ်ထွေး ခက်ခဲတင်းမာပြီး မတည်မငြိမ် ဖြစ်မှု များစွာ ရှိနေသေးသည်။ အခက်အခဲများကို ရင်ဆိုင်နေရသည့် တရုတ် နိုင်ငံသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုမှ ဆောင်ကြဉ်းလာသော သေချာမှုဖြင့် ပြင်ပ ပတ်ဝန်းကျင်မှ မရေရာမသေချာမှုများကို အမြဲတမ်း ရင်ဆိုင်ပြီး ကမ္ဘာ အတွက် ပိုမိုများပြား သည့် အခွင့်အလမ်းများကို ဖန်တီးပေးမည် ဖြစ်သည်။