မြန်မာနိုင်ငံ ငလျင်အလွန် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေး တရုတ်နိုင်ငံအဖွဲ့သည် ဇွန် ၁၀ ရက်မှ ၂၀ ရက်အထိ မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များအား အကဲဖြတ် စစ်ဆေးမှုလုပ်ငန်း လုပ်ဆောင်ခဲ့သည်။
ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးအဖွဲ့သည် မန္တလေးနန်းတော်၊ မဟာမြတ်မုနိဘုရားကြီး၊ အမရပူရနန်းမြို့ဟောင်း၊ အင်းဝမြို့ဟောင်း စသည့် ရှေးခေတ်ယဉ်ကျေးမှု အမွေအနှစ်နေရာများသို့ သွားရောက်ကွင်းဆင်းလေ့လာခဲ့ပြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်ပျက်စီးမှု အခြေအနေကို အကဲဖြတ်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးဌာနမှ အရာရှိများနှင့် နက်ရှိုင်းစွာ ကူးလူးဖလှယ်ခဲ့ကြပြီး ထိခိုက်ပျက်စီးခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များကို အရေးပေါ် ထောက်တိုင်များဖြင့် ကာကွယ်ပေးရေး၊ ပြုပြင်မွမ်းမံရေး အစီအစဉ်၊ ရေရှည်စီမံကိန်း စသည်တို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
မြန်မာနိုင်ငံ ငလျင်အလွန် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေး တရုတ်နိုင်ငံအဖွဲ့ အဖွဲ့ဝင်များတွင် တရုတ်နိုင်ငံ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ဌာန၊ ဆန်ရှီးပြည်နယ် ယဉ်ကျေးမှု အမွေအနှစ်ဌာန၊ တရုတ်နိုင်ငံ ယဉ်ကျေးမှုအမွေအနှစ် သုတေသနဌာန၊ ဆန်ရှီးပြည်နယ် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေး သုတေသနဌာန စသည့် ကျွမ်းကျင်အဖွဲ့အစည်းများစွာမှ ဖြစ်ကာ ၎င်းအနက် ပညာရှင်အများစုသည် မြန်မာနိုင်ငံ ပုဂံသဗ္ဗညုဘုရားစသည့် ရှေးဟောင်းအမွေအနှစ်များ ပြုပြင်မွမ်းမံရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ဖူးကြသည်။
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ရာ မန္တလေး စသည့် ငလျင်ဒဏ်သင့်ဒေသများတွင် အဆောက်အဦအများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။