မဟာဗျူဟာမြောက် ကဏ္ဍကြီး ၅ ရပ်က တရုတ်-အာဆီယံ ဆက်ဆံရေး အနာဂတ်ကို ပြန်လည်ပုံသွင်းမည်ဟု အာဆီယံ အတွင်းရေးမှူးချုပ် ဆို

Xinhua, June 24, 2025
Size:

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ဇွန် ၁၉ ရက်က ကျင်းပသော အာဆီယံ-တရုတ်ဆက်ဆံရေး ဂျကာတာ ဖိုရမ်တွင် မိန့်ခွန်းပြောကြားနေသော အာဆီယံ အတွင်းရေးမှူးချုပ် Kao Kim Hourn ကို တွေ့ရစဉ် (ဆင်ဟွာ)

ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်အသွင်ကူးပြောင်းမှု၊ ထောက်ပံ့ရေးကွင်းဆက် ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်၊ လမ်းပန်းဆက်သွယ်ရေး အပြန်အလှန်ချိတ်ဆက်မှုနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ဟူသည့် မဟာဗျူဟာမြောက် ကဏ္ဍကြီး ၅ ရပ်သည် တရုတ်-အာဆီယံ ဆက်ဆံရေး အနာဂတ်ကို ပြန်လည်ပုံသွင်းမည်ဟု အာဆီယံ အတွင်းရေးမှူးချုပ် Kao Kim Hourn က ဇွန် ၁၉ ရက်တွင် ၂၀၂၅ ခုနှစ် အာဆီယံ-တရုတ်ဆက်ဆံရေး ဂျကာတာဖိုရမ်တွင် မိန့်ခွန့်ပြောကြားရာ၌ ပြောကြားခဲ့သည်။

Kao Kim Hourn က ၁၉၉၆ ခုနှစ်တွင် တရုတ်နိုင်ငံသည် အာဆီယံဘက်စုံမိတ်ဖက်ဆက်ဆံရေးနိုင်ငံ ဖြစ်သည့်အချိန်မှစ၍ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ရလဒ်များစွာ ရရှိခဲ့ကြောင်း၊ ၂၀၀၂ ခုနှစ်တွင် အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေးဇုန်ကို စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး၌ အတိုင်းအတာ အကြီးမားဆုံးဖြစ်သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင်မူ နှစ်ဖက်ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Kao Kim Hourn က အာဆီယံနိုင်ငံတွင် အင်တာနက်အသုံးပြုသူ သန်း ၄၈၀ ရှိပြီး ကမ္ဘာပေါ်တွင် တိုးတက်မှုအမြန်ဆုံး ဒစ်ဂျစ်တယ်ဈေးကွက်များအနက် တစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ကြီးမားသော ဒစ်ဂျစ်တယ်ဂေဟစနစ်နှင့် ဦးဆောင်မှုရှိသော ပလက်ဖောင်းသည် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုအတွက် ကြီးမားသော ပံ့ပိုးမှုပေးမည်ဖြစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မကြာမီတရားဝင် လက်မှတ်ရေးထိုးတော့မည့် တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေးဒေသ ၃.၀ ဗားရှင်း အဆင့်မြှင့်တင်မှု ပရိုတိုကောလ် (Protocol) ၏အထောက်အပံ့ဖြင့် နှစ်ဖက်က ဒစ်ဂျစ်တယ်ကုန်သွယ်ရေး၊ နယ်စပ်ဖြတ်ကျော် e-commerce၊ အီလက်ထရောနစ် ငွေပေးချေမှု စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို အင်တိုက်အားတိုက် တွန်းအားပေးသင့်ပါကြောင်း၊ ထို့ပြင် ဉာဏ်ရည်တု၊ စက်ရုပ်၊ IoT ၊ Cloud ဝန်ဆောင်မှု စသည့် ကမ္ဘာ့ရေစီးကြောင်းကို အမိအရဆုပ်ကိုင်ကာ တည်ထောင်မှုကာလ မကြာသေးသော်လည်း ကုမ္ပဏီတန်ဖိုး ကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိသည့် ကုမ္ပဏီများ (Unicorn Company) နှင့် သိပ္ပံနည်းပညာ ထိပ်တန်းကုမ္ပဏီများ ပျိုးထောင်ကာ ဒေသတွင်းကို ဆန်းသစ်တီထွင်မှု အဆင့်မြင့်နေရာအဖြစ် ဖန်တီးတည်ဆောက်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Kao Kim Hourn က တရုတ်နိုင်ငံက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အစိမ်းရောင် အခြေခံအဆောက်အဦ ကဏ္ဍများတွင် တစ်ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုအင်အားသည် အာဆီယံ၏ အစိမ်းရောင် အသွင်ကူးပြောင်းမှုနှင့် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဖြစ်တည်လျက်ရှိနေကြောင်း၊ နှစ်ဖက်အနေဖြင့် မူဝါဒချိတ်ဆက်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာလွှဲပြောင်းမှုမှတစ်ဆင့် အစိမ်းရောင်ဂေဟစနစ်ကို အတူတကွ တည်ဆောက်သင့်ကြောင်း ယူဆသည်။

တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေးဒေသ ၃.၀ ဗားရှင်းနှင့် RCEP သည် ထောက်ပံ့ရေးကွင်းဆက် ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်အား မြှင့်တင်ပေးသည့် အရေးကြီးပလက်ဖောင်းဖြစ်လာမည်ဖြစ်ကြောင်း၊ ၎င်းအနက် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် အဆင့်မြှင့်တင်မှုဗားရှင်းသည် မူလထုတ်လုပ်ရာဒေသ စည်းကမ်း၊ အကောက်ခွန် လုပ်ငန်းစဉ်နှင့် ဒစ်ဂျစ်တယ်ကုန်သွယ်ရေး အချက်အလက်များကို တိုးတက်ကောင်းမွန် လာစေမည်ဖြစ်ကြောင်း၊ RCEP ကမူ ကျယ်ပြန့်သည့် အဖွဲ့ဝင်နိုင်ငံကွန်ရက်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော် အရင်းအမြစ်တွဲဖက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ နှစ်မျိုးညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း ကုန်သွယ်ရေး အန္တရာယ်အား ခံနိုင်ရည်ရှိမှုကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း Kao Kim Hourn က ပြောကြားခဲ့သည်။

အာဆီယံနှင့် တရုတ်နိုင်ငံသည် ရထားလမ်း၊ ကားလမ်း၊ ပင်လယ်ရေကြောင်းပို့ဆောင်ရေး စသည့် ပုံစံမျိုးစုံ တွဲဖက်ပို့ဆောင်ရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုများတွင် ကြီးမားသော အလားအလာရှိနေဆဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက် အတူတကွ တည်ဆောက်မှုမှတစ်ဆင့် အရင်းအနှီးနှင့် နည်းပညာပံ့ပိုးကူညီမှုများ ဆက်လက်ထောက်ပံ့ပေးသွားရန် မျှော်လင့်ကြောင်းလည်း Kao Kim Hourn က ပြောကြားခဲ့သည်။

ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံက လတ်တလောကာလအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အရှေ့တီမောနိုင်ငံမှ စီးပွားရေးဆိုင်ရာလူပုဂ္ဂိုလ်များအတွက် အကြိမ်များစွာ အသွားအပြန် လုပ်ဆောင်နိုင်သော ဗီဇာမူဝါဒကို မိတ်ဆက်ပေးခဲ့ရာ ယင်းသည် ရှိရင်းစွဲဗီဇာကင်းလွတ်ခွင့် အစီအစဉ်အတွက် အားကောင်းသော ဖြည့်စွက်မှုဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေခြင်းသည် ပြည်သူများ စိတ်နှလုံးသားချင်း ဆက်နွှယ်မှုကို မြှင့်တင်နိုင်သလို အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် လူနေမှုအသိုက်အဝန်းအတွက်လည်း စီးပွားရေးအကျိုးစီးပွား ဖန်တီးပေးနိုင်ကြောင်း Kao Kim Hourn က ပြောကြားခဲ့သည်။