၂၀၂၅ခုနှစ် ပေကျင်း CBDဖိုရမ် နှစ်ပတ်လည် အစည်းအဝေးကို ယခုလ ၁၃ရက်နေ့က ကျင်းပပြီးစီးခဲ့သည်။ ပေကျင်း CBDဖိုရမ်ကို ၂၀၀၀ပြည့်နှစ်က စတင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် ဖိုရမ်သည် နိုင်ငံနှင့် ဒေသ ၄၀ကျော်မှ နိုင်ငံရေး၊ စီးပွားရေးနှင့် ပညာရှင်လောကမှ ဧည့်သည်တော် ၆၀၀၀ကျော်ကို ပါဝင်တက်ရောက်ရန် ဆွဲဆောင်ခဲ့သည်။ ၃ရက်ကြာ ကျင်းပခဲ့သည့် အဆိုပါ ဖိုရမ်တွင် တက်ရောက်သူများသည် “ကမ္ဘာနှင့် ပတ်သက်၍ ဆွေးနွေး ပြီး ဖွံ့ဖြိုးတိုးတက်မှုကို အတူ ရှာကြံရန်” ဆောင်ပုဒ်နှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ကာ နိုင်ငံတကာ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးခဲ့ကြပါသည်။ တရုတ် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အရေးကို မည်သို့ မျှဝေမည်နည်းဆိုသည်မှာ ဘက်အသီးသီး တို့၏ အာရုံစူးစိုက်မှု ဖြစ်လာသည်။
ဖိုရမ် ကျင်းပစဉ် အတောအတွင်း တက်ရောက်လာသူများက တရုတ် စီးပွားရေးသည် အားကောင်းသော ရေရှည်ခိုင်မာမှုရှိသည့် အပြင်၊ ဖွံ့ဖြိုးတိုးတက်ရန် ရှေ့အလားအလာ သစ်များလည်း ရှိကြောင်း၊ အထူးသဖြင့် တရုတ် အစိုးရမှ အရည်အသွေးသစ် ကုန်ထုတ်စွမ်း အားကို ဖွံ့ဖြိုးတိုးတက်ရန် အရှိန်မြှင့် ဆောင်ရွက်နေခြင်းသည် တရုတ် နိုင်ငံတွင် နိုင်ငံခြား လုပ်ငန်း ကုမ္ပဏီများ၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် တွန်းအားပေးမှုသစ်များကို ဖော်ဆောင် ပေးနေကြောင်း ပြောကြားခဲ့သည်။
ထို့အပြင်၊ မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုသည် ယခုအကြိမ် ဖိုရမ်တွင် အကြိတ်အနယ် ဆွေးနွေးခဲ့ကြသည့် ခေါင်းစဉ်တစ်ခုလည်း ဖြစ်သည်။ သက်ဆိုင်ရာ စာရင်းအရ လက်ရှိတွင် တရုတ် နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် စွမ်းအင် သုံးစွဲမှု ပမာဏကို လျှော့ချမှုနှုန်း အမြန်ဆုံး သော နိုင်ငံများနှင့် လေထု အရည်အသွေး ကောင်းမွန်လာခြင်း အသိသာထင်ရှားဆုံးသော နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် အကြီးဆုံးနှင့် ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးသော ပြန်လည် ပြည့်ဖြိုးနိုင်သည့် စွမ်းအင် စနစ်ကို တည်ဆောက်ကာ တစ် ကမ္ဘာလုံးတွင် အကြီးဆုံးနှင့် အပြည့်စုံဆုံး စွမ်းအင်သစ် စက်မှုလုပ်ငန်း ကွင်းဆက်ကိုလည်း တည်ဆောက်ခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် တရုတ် နိုင်ငံသည် နိုင်ငံခြားသို့ အဆင့်မြင့် တံခါးဖွင့်မှုကို ဆက်တိုက် တိုးချဲ့ ဆောင်ရွက်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တည်ငြိမ်စေရေး ဆောင်ရွက်ချက်များကို ဇောက်ချ၍ ဖော်ဆောင်ခဲ့သောကြောင့် နိုင်ငံခြား လုပ်ငန်း ကုမ္ပဏီများစွာသည် တရုတ် နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။
လက်ရှိတွင် တရုတ်-အမေရိကန် စီးပွားကုန်သွယ်မှု ညှိနှိုင်းဆွေးနွေးရေး ယန္တရား၏ ပထမဆုံး အကြိမ် အစည်းအဝေး၌ တိုးတက်မှုသစ် ရရှိခဲ့ခြင်းသည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အပြုသဘောဆောင်သော အင်အားများကို ထည့်သွင်းပေးနေ သည်။ သို့သော် နိုင်ငံတကာ အခြေအနေ ရှုပ်ထွေးတင်းမာခက်ခဲနေသေးပြီး မတည်မငြိမ် ဖြစ်မှုနှင့် မရေရာမှု မသေချာမှုများ ရှိနေသေးသည်။ တရုတ် နိုင်ငံသည် မိုးဒဏ်လေဒဏ်နှင့် စိန်ခေါ်မှုများကို မကြောက်ရွံ့ဘဲ နိုင်ငံခြားသို့ အဆင့်မြင့် တံခါးဖွင့်မှုကို ဆက်တိုက် တိုးချဲ့ ဆောင်ရွက်မည် ဖြစ်သည်။ ကမ္ဘာသည် တရုတ် နိုင်ငံကို ယုံကြည်နိုင်ပြီး ရင်းနှီးမြှုပ်နှံနိုင်ကာ အကျိုးစီးပွား ရရှိနိုင်မည် ဖြစ်သည်။