(တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ) တရုတ်နိုင်ငံ၏ မူဝါဒဟန်ချက်ညီညီပေါင်းစည်းမှုက တိုးတက်မှုကို အကျိုးပြုသလို လုပ်ငန်းခွင်ဝင်မှုကိုလည်း တည်ငြိမ်မှုရှိစေ

Xinhua, June 16, 2025
Size:

ဆင်ဟွာသတင်းအေဂျင်စီက စီစဉ်ကျင်းပသော “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ၊ လတ်တလောပြုလုပ်ခဲ့သည့် အစီအစဉ်ကြီးကို တက်ရောက်လာသော ဧည့်သည်တော်များအား တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများနှင့် ရှုပ်ထွေးလှသော ပြင်ပပတ်ဝန်းကျင်အခြေအနေများ တိုးပွားလာနေသည့်ကြားမှ တရုတ်နိုင်ငံသည် စီးပွားရေးတည်ငြိမ်မှုနှင့် ကြံ့ကြံ့ခံနိုင်မှုကို အားဖြည့်ရန် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး ကတိကဝတ်အား တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။

တည်ငြိမ်သော လုပ်ငန်းခွင်ဝင်မှု၊ စီးပွားရေး၊ ဈေးကွက်များနှင့် မျှော်မှန်းချက်များကို ထိန်းသိမ်းရေးဆိုင်ရာ ဦးစားပေးအရာများ ချမှတ်လိုက်သော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို၏ မကြာသေးမီက ပြုလုပ်ခဲ့သော အစည်းအဝေးပြီးနောက် ဆက်စပ်ဌာနများက ယုံကြည်မှုကို ပြသရန်နှင့် အရှိန်အဟုန်ကို ထိန်းသိမ်းထားရန် မူဝါဒညှိနှိုင်းမှုများ အားဖြည့်ရေးအား အရှိန်မြှင့် လုပ်ဆောင်ခဲ့သည်။

ဆင်ဟွာသတင်းအေဂျင်စီက စီစဉ်ကျင်းပသော “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ၊ လတ်တလောပြုလုပ်ခဲ့သည့် အစီအစဉ်ကြီးတွင် တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံကိန်း ရေးဆွဲရေး၊ အလုပ်သမား တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဗဟိုဘဏ်မှ တာဝန်ရှိသူများက တရုတ်နိုင်ငံက စိန်ခေါ်မှုများကို ကိုင်တွယ်စီမံရာတွင် ရေရှည်တိုးတက်မှု၏ အုတ်မြစ်များ ခိုင်မာအားကောင်းမှု သေချာစေသည့် မူဝါဒကိရိယာကို မည်ကဲ့သို့ တိုးချဲ့ထားသည်ကို အကြမ်းဖျင်းဖော်ပြထားသည်။

မက်ခရိုမူဝါဒ ပံ့ပိုးမှု
တရုတ်နိုင်ငံ၏ စီးပွားရေးသည် ပထမလေးလတာအတွင်း စက်မှုလုပ်ငန်းထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ပြည်တွင်းဝယ်လိုအားနှင့် ပို့ကုန် စသည့်ကဏ္ဍများ၌ အခိုင်အမာတိုးတက်မှုနှင့်အတူ ဆက်လက်၍ ကြံ့ကြံ့ခံမှုရှိနေဆဲပင်ဖြစ်သည်။ တရားဝင်အချက်အလက်အရ အိမ်အသုံးအဆောင်ပစ္စည်းများနှင့် ဆက်သွယ်ရေးကိရိယာများ၏ လက်လီရောင်းအားများမှာ ယင်းကာလအတွင်း ၂၀ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့ကာ ကိရိယာဝယ်ယူမှု၌ ရင်းနှီးမြှုပ်နှံမှုအနေဖြင့်လည်း ၁၈.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

ထို့ပြင် ဧပြီလအတွင်း နည်းပညာမြင့် ကုန်ထုတ်လုပ်မှုကဏ္ဍအနေဖြင့် ယခင်နှစ် အလားတူကာလထက် ၁၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ရာ ၎င်းတို့အနက် တီထွင်ဆန်းသစ်မှုစုပေါင်းအရှိန်အဟုန်အား စွမ်းအင်သစ်အသုံးပြု မော်တော်ယာဉ်များ၊ မြောက်မြားလှသော AI မော်ဒယ်များနှင့် လူသားပုံစံတူ စက်ရုပ်များက ဦးဆောင်ထားသည်။

ကောင်းမွန်သောစီးပွားရေးအချက်အလက်များက လတ်တလော မူဝါဒအဆိုပြုချက်များ၏ ရည်မှန်းထားသော အစီအမံများနှင့် ပေါင်းစပ်ထားသော သက်ရောက်မှုများ အရှိန်အဟုန်ဖြင့် ထွက်ရှိလာခြင်းကို ရောင်ပြန်ဟပ်လျက်ရှိကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်မှ တာဝန်ရှိသူ တင်းလျင်က ဆိုသည်။

သင့်လျော်သော ငွေကြေးအဖွဲ့အစည်းများအတွက် အရန်ငွေလိုအပ်ချက်အချိုးအား ပွိုင့် ၀.၅ ရာခိုင်နှုန်း လျှော့ချလိုက်မှုသည် မေလလယ်ပိုင်းတွင် အသက်ဝင်လာခဲ့ရာ ရေရှည်ငွေပေါ်လွယ်မှု၌ ယွမ် ၁ ထရီလီယံ (အမေရိကန်‌ဒေါ်လာ ၁၃၉ ဘီလီယံ) ခန့် အားဖြည့်ပေးလျက်ရှိသည်။ ယင်းမှာ မေ ၈ ရက်၌ စတင်သက်ရောက်ခဲ့သော seven-day reverse repo rate ၌ ပွိုင့် ၀.၁ ရာခိုင်နှုန်း လျှော့ချခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထပ်ဆင့်ချေးငွေများနှင့် သိပ္ပံ-နည်းပညာစာချုပ်များ ထုတ်ရောင်းမှုများ တိုးချဲ့ခြင်းနှင့်အတူ အဆိုပါ အပြောင်းအလဲများမှာ ပြင်ပအခြေအနေများအကြား ဈေးကွက်တည်ငြိမ်ရေးနှင့် ပြန်လည်ကောင်းမွန်လာရေးအတွက် ငွေကြေးနှင့် ဘဏ္ဍာရေး စည်းကမ်းကြီးကြပ်ရေးအဖွဲ့များက ကျယ်ကျယ်ပြန့်ပြန့် တွန်းအားပေးမှု၏ အစိတ်အပိုင်း ဖြစ်ပေါ်လာခဲ့သည်။

“ဒီမူဝါဒတွေက တကယ့်စီးပွားရေးမှာ ရန်ပုံငွေ ကျယ်ကျယ်ပြန့်ပြန့်ရရှိမှုအတွက် အထောက်အကူဖြစ်စေပြီး အထူးသဖြင့် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ (SMEs) စတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ငွေကြေးကုန်ကျစရိတ်ကို လျှော့ချပေးပြီး စီးပွားလုပ်ငန်းလည်ပတ်မှုတွေကို ပိုမိုတည်ငြိမ်စေမှာဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံ ဗဟိုဘဏ်၊ သုတေသနအင်စတီကျု အကြီးအကဲ တင်းကျစ်ကျယ်က ဆိုသည်။

တရားဝင် အချက်အလက်အရ ကြီးမားသော ဈေးကွက် ငွေပေါ်လွယ်မှုနှင့် SME လုပ်ငန်းတွေအတွက် ချေးငွေအကူအညီ အလုံအလောက်ရရှိစေမှုကို ပြသလျက်ရှိသည်။

ဧပြီလကုန်ပိုင်းအထိ အသေးစားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများ ရရှိခဲ့သော သီးသန့်ချေးငွေပမာဏမှာ ယွမ် ၃၄.၃ ထရီလီယံရှိခဲ့ရာ ယခင်နှစ် ကာလတူထက် ၁၁.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ယင်းကာလအတွင်း အခြားချေးငွေအမျိုးအစားအားလုံး၏ တိုးတက်မှုကိုပင် ကျော်လွန်သွားခဲ့သည်။

ပြည်တွင်းဝယ်လိုအား မြင့်တက်လာခြင်း
စီးပွားရေးတိုးတက်မှု၏ အဓိကမောင်းနှင်အားအဖြစ် ပြည်တွင်းဝယ်လိုအား ခိုင်မာအားကောင်းမှုရှိစေရန် တရုတ်နိုင်ငံသည် ကဏ္ဍအသီးသီး၌ ရည်မှန်းထားသည့် အစီအမံအမြောက်မြားစွာ မိတ်ဆက်ခဲ့သည်။

အဆိုပါ အစီအမံများတွင် ဝန်ဆောင်မှုလုပ်ငန်းစားသုံးမှု ချဲ့ထွင်ခြင်း၊ မသန်စွမ်းသက်ကြီးရွယ်အိုများ စောင့်ရှောက်မှုအားဖြည့်ခြင်း၊ မော်တော်ကားရောင်းချမှုများ မြှင့်တင်ခြင်း၊ စားသုံးမှုနှင့် ဆက်စပ်သော အခြေခံအဆောက်အအုံ အဆင့်မြှင့်တင်ခြင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု တွန်းအားပေးခြင်းနှင့် မူဝါဒအခြေပြု ငွေကြေးဆိုင်ရာဆက်စပ်စာချုပ်အသစ်များ မိတ်ဆက်ခြင်း စသည်တို့ ပါဝင်သည်။

ဗဟိုဘဏ်အနေဖြင့် သိပ္ပံ-နည်းပညာ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်ခြင်းအတွက် ထပ်ဆင့်ချေးငွေအား ယွမ် ဘီလီယံ ၅၀၀ မှ ဘီလီယံ ၈၀၀ အထိ တိုးမြှင့်ခြင်း၊ သက်ကြီးရွယ်အို စောင့်ရှောက်မှုနှင့် ဧည့်ခံကျွေးမွေးခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်း စသည့်ကဏ္ဍများ၌ သုံးစွဲမှုအား ပံ့ပိုးကူညီရန် ထပ်ဆင့်ချေးငွေအစီအစဉ်အသစ် ယွမ် ၅၀၀ ဘီလီယံ စတင်ခြင်း၊ သိပ္ပံ-နည်းပညာဆန်းသစ်တီထွင်မှု ချေးငွေစာချုပ်များ ထုတ်ပေးရာတွင် ငွေကြေးအဖွဲ့အစည်းများ၊ နည်းပညာလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများ၏ ရှယ်ယာများအား ပံ့ပိုးကူညီခြင်း စသည်တို့အပါအဝင် ပြည်တွင်းဝယ်လိုအား မြှင့်တင်ရန် ဖွဲ့စည်းတည်ဆောက်ထားသည့် ငွေကြေးမူဝါဒ အစီအစဉ်များကိုလည်း မိတ်ဆက်ခဲ့သည်။

ဗဟိုဘဏ်၏ လတ်တလောမူဝါဒများမှာ သုံးစွဲမှုနှင့် ရင်းနှီးမြှုပ်နှံမှု အဓိကနယ်ပယ်များနှင့် စပ်လျဉ်း၍ ငွေကြေးဆိုင်ရာ လမ်းညွှန်မှုပေးနိုင်ရေးအတွက် ရှိနှင့်ပြီးသား ကိရိယာများကို ဆက်လက်အသုံးပြုခြင်း၊ ရန်ပုံငွေကုန်ကျစရိတ်များ လျှော့ချခြင်းနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ စာချုပ်စာတမ်းများ မိတ်ဆက်ခြင်း စသည့် အဓိကကဏ္ဍသုံးခုအား အလေးထားလျက်ရှိသည်ဟု တင်းကျစ်ကျယ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုကို မြှင့်တင်ရန်အတွက် လူသုံးကုန်ပစ္စည်းများအား ပစ္စည်းဟောင်းကို အလိုက်ပေး၍ အသစ်နှင့်လဲလှယ်ခွင့်ပြုသည့် အစီအစဉ်ကို ယမန်နှစ်က ကြေညာခဲ့ပြီး မော်တော်ယာဉ်များ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် နေအိမ်အလှဆင်ပစ္စည်းများအား ပစ္စည်းဟောင်းကို အလိုက်ပေး၍ အသစ်နှင့်လဲလှယ်မှုများအပေါ် ငွေကြေးထောက်ပံ့ခဲ့သလို ယခုနှစ် အစောပိုင်းကလည်း ထိုအစီအစဉ်၏ လွှမ်းခြုံမှုနယ်ပယ်ကို ထပ်မံတိုးချဲ့ခဲ့သည်။

ယခုနှစ် ပထမငါးလတာအတွင်း တရုတ်နိုင်ငံ၏ လူသုံးကုန်ပစ္စည်းများအား ပစ္စည်းဟောင်းကို အလိုက်ပေး၍ အသစ်နှင့် လဲလှယ်ခွင့်ပြုသည့် အစီအစဉ်မှာ အရောင်းအဝယ်ပမာဏ ယွမ် ၁.၁ ထရီလီယံ ရှိခဲ့ပြီး မော်တော်ယာဉ်အစီးရေ ၄.၁၂ သန်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်း အရေအတွက် ၇၇.၆၂ သန်း၊ မိုဘိုင်းဖုန်းကဲ့သို့သော ဒစ်ဂျစ်တယ်ထုတ်ကုန် အရေအတွက် ၅၆.၆၃ သန်း အပါအဝင် အရောင်းအဝယ်ပြုလုပ်မှုများကို တစ်ဟုန်ထိုး မြင့်တက်စေခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

တည်ငြိမ်သော လုပ်ငန်းခွင်ဝင်မှု
ပြည်တွင်းဝယ်လိုအား ပြန်လည်တိုးတက်လာပြီး မက်ခရိုစီးပွားရေး မူဝါဒများ စတင်အသက်ဝင်လာသည်နှင့်အမျှ လုပ်ငန်းခွင်ဝင်မှုမှာလည်း ယေဘုယျအားဖြင့် တည်တည်ငြိမ်ငြိမ် ရှိနေဆဲဖြစ်သည်။

ဇန်နဝါရီလမှ ဧပြီလအထိ လေးလတာအတွင်း မြို့ပြ၌ အလုပ်အကိုင်ဖန်တီးနိုင်မှုမှာ တည်ငြိမ်စွာ တိုးတက်ခဲ့ပြီး စစ်တမ်းကောက်ယူထားသည့် မြို့ပြ ပျမ်းမျှအလုပ်လက်မဲ့နှုန်းမှာ ၅.၂ ရာခိုင်နှုန်းရှိသည်ဟု လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ချန်ရုံကျား၏ အဆိုအရ သိရသည်။
ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းခွင်ဝင်မှု တည်ငြိမ်ရေးအတွက် အတိအကျ ရည်မှန်းချက်ထားသော အစီအမံများကို ချမှတ်ကြေညာခဲ့ရာ အပြုသဘောဆောင်သည့် ရလဒ်များ ဖြစ်ထွန်းခဲ့သည်။

တရုတ်နိုင်ငံသည် လုပ်ငန်းခွင်ဝင်မှု တည်ငြိမ်ရေးနှင့် မြှင့်တင်ရေးအတွက် ရည်ရွယ်သည့် ချေးငွေ ခွဲတမ်းပမာဏကို တိုးမြှင့်ပေးခဲ့သလို အလုပ်အကိုင်ဖန်တီးမှုကို အထောက်အကူပြုသည့် ငွေကြေးထောက်ပံ့ရေး မူဝါဒများ၏ လွှမ်းခြုံမှု အတိုင်းအတာကိုလည်း တိုးချဲ့ကာ အလုပ်လက်မဲ့အာမခံ ပြန်အမ်းငွေကဲ့သို့သော တည်ဆဲ အစီအမံများနှင့် မူဝါဒ အကျိုးသက်ရောက်မှုများကို အပြည့်အဝဖော်ဆောင်ရန် ကျွမ်းကျင်မှု လေ့ကျင့်ပျိုးထောင်ရေး အထောက်အပံ့များကိုလည်း တိုးချဲ့ခဲ့သည်။

ပထမသုံးလပတ်၌ အလုပ်အကိုင်တည်ငြိမ်ရေး ရန်ပုံငွေ ယွမ် ၃.၅၂ ဘီလီယံအပြင် အလုပ်လက်မဲ့များအတွက် ထောက်ပံ့ငွေ ယွမ် ၂၃.၈ ဘီလီယံ၊ အလုပ်အကိုင် ဆက်လက်ထိန်းသိမ်းခြင်းနှင့် တိုးချဲ့ခြင်းတို့အတွက် အထူးချေးငွေအဖြစ် ယွမ် ၁၅၆.၃ ဘီလီယံ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ယခုနှစ်မှစ၍ အစိုးရက ထောက်ပံ့ထားသော သက်မွေးပညာသင်တန်း အစီအစဉ်များကြောင့် သုံးနှစ်ဆက်တိုက် နှစ်စဉ် လူ ၁၀ သန်းကျော် အကျိုးခံစားခွင့်ရမည်ဖြစ်ကာ သက်ကြီးရွယ်အို စောင့်ရှောက်မှု၊ အိမ်အကူဝန်ဆောင်မှုနှင့် လုပ်သားအင်အားစု၏ ကျွမ်းကျင်မှု မြှင့်တင်ရေးအတွက် ရေရှည် ပံ့ပိုးပေးခြင်းဆိုင်ရာ အထူးသင်တန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မူဝါဒအားလုံးကို တူညီသော လားရာအတိုင်း အကောင်အထည်ဖော်မှုနှင့် အပြန်အလှန် အားဖြည့်ပံ့ပိုးမှု သေချာစေရန် ဆောင်ရွက်လျက် အမြော်အမြင်၊ တိကျမှု၊ မက်ခရိုစီးပွားရေးဆိုင်ရာ စည်းမျဉ်းထိန်းကျောင်းမှု ထိရောက်မှုရှိရေး မြှင့်တင်ရန် ပိုမိုကျယ်ပြန့်စွာ ကြိုးပမ်းသွားမည်ဟု သက်ဆိုင်ရာတာဝန်ရှိသူများက ဆိုသည်။

ထိုကဲ့သို့ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်မှုများက စီးပွားရေးဦးမော့လာသည့် အရှိန်အဟုန်ကို ပံ့ပိုးပေးကာ ဈေးကွက်အပေါ် ယုံကြည်မှု ပိုမိုခိုင်မာစေပြီး ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများ မြင့်တက်လာခြင်းကို ကြံ့ကြံ့ခံနိုင်စွမ်း တိုးမြှင့်ပေးမည်ဟု မျှော်လင့်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ တရုတ် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် အမှတ်တံဆိပ်ဖြစ်သော Voyah ၏ အစီးရေ နှစ်သိန်းမြောက်ကား နောက်ဆုံးတပ်ဆင်ရေးလိုင်းမှ ထွက်ရှိလာသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆင်ဟွာသတင်းအေဂျင်စီက စီစဉ်ကျင်းပသော “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ၊ လတ်တလောပြုလုပ်ခဲ့သည့် အစီအစဉ်ကြီး၏ ရိုက်ကူးရေးနေရာ၌ စကားပြောကြားနေသော တရုတ်နိုင်ငံ ဗဟိုဘဏ် သုတေသနအင်စတီကျု အကြီးအကဲ တင်းကျစ်ကျယ်အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ ဈေးဝယ်စင်တာတွင် ပန်းကန်ဆေးစက်များ ရွေးချယ်နေသော ဝယ်ယူသူများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဝန်ဆန်းတက္ကသိုလ်၌ ကျင်းပသော အလုပ်အကိုင်ပြပွဲနေရာအတွင်း ဝန်ထမ်းတစ်ဦး (ယာ) နှင့် စကားပြောနေသော ကျောင်းသူများကို ၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)