မြန်မာ-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး လက်တွဲအတူ တွန်းအားပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအကြီးအကဲ ပြောကြား

lmcchina.org, June 13, 2025
Size:

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် ဂုဏ်ပြုအခမ်းအနားကို ၈ ရက်က မြန်မာနိုင်ငံမြို့တော် နေပြည်တော်တွင် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံအကြီးအကဲ မင်းအောင်လှိုင်က အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ရှေ့သို့ လက်တွဲချီတက်ရန် ဆန္ဒရှိပြီး မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို မမှိတ်မသုန် အခိုင်အမာ တိုးမြင့်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး မြန်မာ-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို ဆက်လက်မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မင်းအောင်လှိုင်က မြန်မာ-တရုတ်နှစ်နိုင်ငံတို့သည် အိမ်နီးချင်းကောင်း၊ ဆွေမျိုးပေါက်ဖော် အစဉ်အလာချစ်ကြည်ရေးကို ထိန်းသိမ်းထားကြကြောင်း၊ မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို တည်ထောင်သည့် ၇၅ နှစ်အတွင်း နှစ်နိုင်ငံအစိုးရများ၊ ပြည်သူများနှင့် လူမှုအသိုက်အဝန်း နယ်ပယ်အသီးသီးတို့အကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးသည် စဉ်ဆက်မပြတ် တည်ငြိမ်စွာ တိုးတက်လျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု စသည့် အဓိကကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုသည် သိသာထင်ရှားသော တိုးတက်မှုကို အဆက်မပြတ် ရရှိလျက်ရှိကြောင်း၊ နှစ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကို အမြဲတမ်း လိုက်နာကျင့်သုံးပြီး လက်ရှိခေတ်ကာလ၏ နိုင်ငံတကာဆက်ဆံရေးအတွက် စံနမူနာ ထူထောင်ခဲ့ကြောင်း ပြောကြားသည်။

မင်းအောင်လှိုင်က မြန်မာနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လိုက်နာကြောင်း၊ တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖိန် အဆိုပြုခဲ့သော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံတို့ကို လွန်စွာချီးမွမ်းထောက်ခံကြောင်း၊ တရုတ်နိုင်ငံအား မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသောပံ့ပိုးကူညီမှုများ၊ မြန်မာနိုင်ငံ ငလျင်ဘေးအား ကူညီကယ်ဆယ်ရေးများအတွက် တန်ဖိုးကြီးမားပြီးသော ပံ့ပိုးကူညီမှုများ ပေးအပ်ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားသည်။ 

တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖိန်မှ မြန်မာနိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးပို့သော သဝဏ်လွှာကို သံအမတ်ကြီး Ms. Ma Jia မှ ဖတ်ကြားရာတွင် တရုတ်မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်နေပြီး ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးသည် နှစ်ပေါင်းထောင်ချီ ကြာရှည်ခဲ့ပြီဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်စဉ်မှစ၍ တရုတ်မြန်မာနှစ်နိုင်ငံဆက်ဆံရေးသည် အစဉ်အမြဲ ကျောက်စိုင်ကျောက်ခဲကဲ့သို့ ခိုင်ခံ့လျက်ရှိကြောင်း၊ နှစ်နိုင်ငံ၏ အနာဂတ်ကံကြမ္မာသည် နီးကပ်စွာ ချိတ်ဆက်နေပြီး ကဏ္ဍအသီးသီး၌ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးစာမျက်နှာသစ်ကို စဉ်ဆက်မပြတ် ရေးဖွဲ့ခဲ့ကြကြောင်း၊ တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် သဟဇာတရှိစွာ ပေါင်းသင်းဆက်ဆံခြင်း၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းခြင်း၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ခြင်း၊ ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်း၊ အေးအတူ ပူအမျှ မျှဝေခံစားခြင်း စသည့်အယူအဆနှင့် လမ်းညွှန်မှုမူဝါဒများကို အမြဲလက်ကိုင်ကျင့်သုံးကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ မဟာဗျူဟာ ယုံကြည်မှုကို ဆက်လက်ခိုင်မာစေပြီး ဖွံ့ဖြိုးတိုးတက်ရေး ပေါင်းစည်းမှုကို နက်ရှိုင်းစေကာ ဒေသတွင်းတည်ငြိမ်မှုကို အတူတကွ ထိန်းသိမ်း၍ လူမှုဆက်ဆံရေး ပြန့်ပွားရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ဆက်လက်ပံ့ပိုးကူညီကာ တရုတ်မြန်မာနှစ်နိုင်ငံ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ခြင်းကို ပိုမိုနက်ရှိုင်းစေကာ လက်တွေ့ကျကျ မြှင့်တင်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။