ယူနန်ပြည်နယ်မှ မဲခေါင်မြစ်ဝှမ်းနိုင်ငံငါးနိုင်ငံအတွက် “ကင်းလွတ်ခွင့်သုံးရပ်နှင့် အဆင်ပြေမှုသုံးရပ်”မူဝါဒအစီအမံများကို ပံ့ပိုးပေး

lmcchina.org, June 13, 2025
Size:

ယူနန်ပြည်နယ်မှ မဲခေါင်မြစ်ဝှမ်းနိုင်ငံငါးနိုင်ငံအတွက် “ကင်းလွတ်ခွင့်သုံးရပ်နှင့် အဆင်ပြေမှုသုံးရပ်” မူဝါဒအစီအမံများကို ပံ့ပိုးပေးထားကြောင်း သိရသည်။ အဆိုပါမူဝါဒအစီအမံများမှာ စတုရန်းမီတာ ၁၀,၀၀၀ ကျယ်ဝန်းသော အခွန်ကင်းလွတ်သည့် ဂိုဒေါင်အခမဲ့အသုံးပြုခွင့်၊ စတုရန်းမီတာ ၁၀,၀၀၀ ကျယ်ဝန်းသော အော့ဖ်လိုင်းပြပွဲခန်းမအခမဲ့အသုံးပြုခွင့်၊ အွန်လိုင်းကုန်စည်ဈေးကွက်သို့ အခမဲ့ဝင်ရောက်အသုံးပြုခွင့်၊ ဈေးကွက်ဝယ်ယူခြင်းနှင့် ကုန်သွယ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရေး အဆင်ပြေခြင်း၊ လတ်ဆတ်သော၊ လွယ်ကူစွာ ပုပ်သိုးတတ်သော စိုက်ပျိုးရေးဆိုင်ရာ ထွက်ကုန်များ အကောက်ခွန် ရှင်းလင်းရေး အဆင်ပြေခြင်း၊ တရုတ်-လာအို မီးရထား “လန်ချန်း-မဲခေါင် အမြန်ရထား ပြေးဆွဲမှု+နိုင်ငံတကာ ကုန်တင်ရထား သယ်ယူပို့ဆောင်ရေး“ အဆင်ပြေခြင်းတို့ ဖြစ်ကြောင်း၊ ထို့ပြင် လန်ချန်း-မဲခေါင် ဗီဇာနှင့် အရှေ့‌တောင်အာရှနိုင်ငံများမှ ခရီးသွားအဖွဲ့များအား ရှစ်ဆောင်ပဏ္ဏားသို့ ဗီဇာကင်းလွတ်ဝင်ခွင့် စသောအဆင်ပြေမှုအစီအမံများကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယူနန်ပြည်နယ်နှင့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများကြား ကုန်သွယ်မှုပမာဏသည် ခုနစ်နှစ် ဆက်တိုက် ယွမ်ဘီလီယံ ၁၀၀ အထက်တွင် ရှိနေခဲ့ပြီး ဒေသတွင်း ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ မြှင့်တင်ပေးကြောင်း ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး လျိုရုန်က ဇွန်လ ၆ ရက် နိုင်ငံတော်ကောင်စီ သတင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လျိုရုန်က ယူနန်ပြည်နယ်သည် အခြေခံအဆောက်အအုံ ”ဟက်ဝဲလ်ချိတ်ဆက်မှု”ကို အရေးကြီးသော ထောက်တိုင်အဖြစ် ထားရှိကာ တရုတ်-လာအို ရထားလမ်းတစ်လျှောက် အတူတကွ မျှဝေသည့် ဖွံ့ဖြိုးရေးစံနမူနာအဖြစ် ဖော်ဆောင်ကြောင်း၊ “ကွမ်တုန်း၊ ယူနန် - လန်ချန်း၊ မဲခေါင်ပြေးဆွဲမှု”၊ “ပေကျင်း၊ ယူနန် - လန်ချန်း၊ မဲခေါင်ပြေးဆွဲမှု” နိုင်ငံတကာကုန်တင်ရထားနှင့် ကူမင်းမှ ထိုင်းနိုင်ငံ ရနောင်သို့ ပုံစံမျိုးစုံဖြင့် ပေါင်းစပ်ပို့ဆောင်ရေးရထားကို ပြေးဆွဲလျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ပထမဆုံး နယ်စပ်ဖြတ်ကျော်ခရီးသွားရထား ပြေးဆွဲခဲ့ရာတွင်  တရုတ်-လာအို ရထားကွန်ရက်သည် တရုတ်နိင်ငံရှိ ပြည်နယ်နှင့် ဒေသ ၃၁ ခု၊ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူအပါအဝင် နိုင်ငံနှင့် ဒေသပေါင်း ၁၉ ခုကို လွှမ်းခြုံခဲ့သလို ကုန်ပစ္စည်းအမျိုးအစား ၃,၀၀၀ ကျော် ရှိကြောင်း၊ တရုတ်-လာအို မီးရထားလမ်းသည် ခရီးသည် ခရီးစဉ် ၅၃ သန်းကျော်နှင့် ကုန်တင်တန်ချိန် သန်း ၆၀ ကျော်ကို ပို့ဆောင်ပေးခဲ့ပြီး ဒေသတွင်း အပြန်အလှန် ချိတ်ဆက်မှုကို မြှင့်တင်ပေးခဲ့ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားသည်။

ထို့အပြင် ယူနန်ပြည်နယ်သည် သေးငယ်သော်လည်း လှပသော ပြည်သူ့အသက်မွေးဝမ်းကျောင်းစီမံကိန်းများကို အကောင်အထည်ဖော်ကာ နိုင်ငံတံခါးပေါက်စာသင်ကျောင်းများနှင့် နိုင်ငံတံခါးပေါက်ဆေးရုံများကိုလည်း တည်ဆောက်ခဲ့ရာ လာအို၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများရှိ ကလေး ၁၀,၀၀၀ နီးပါးကို မွေးရာပါနှလုံးရောဂါ စစ်ဆေးပေးခဲ့ပါသည်။ တရုတ်-ဗီယက်နမ်၊ တရုတ်-လာအို၊ တရုတ်-မြန်မာ နယ်စပ်ပြည်သူ ပျော်ပွဲရွှင်ပွဲများ အောင်မြင်စွာ ကျင်းပကာ အိမ်နီးချင်းနိုင်ငံများအကြား ချစ်ကြည်ရေး မြှင့်တင်ပေးခဲ့သည်။