လာအိုနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်း ကိုယ်စားလှယ်များ တရုတ်-လာအို ရထားလမ်းသို့ သွားရောက်လေ့လာ

Xinhua, June 13, 2025
Size:

ကုလသမဂ္ဂ အဖွဲ့အစည်း ကိုယ်စားလှယ်များက တရုတ်-လာအို မီးရထားလမ်း ခရီးစဉ်အမှတ် K12 ရထားတွဲအတွင်း၌ ရထားတွဲဝန်ထမ်းများနှင့် အပြန်အလှန်ပြောဆိုနေသည်ကို မေ ၃၀ ရက်က‌ တွေ့ရစဥ် (ဆင်ဟွာ)

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ (ILO) စသည့် လာအိုနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်း ၁၀ ခုမှ ကိုယ်စားလှယ် ၂၀ နီးပါးသည် မေ ၃၀ ရက်က တရုတ်-လာအိုရထားလမ်းသို့ လက်တွေ့သွားရောက်၍ အဆိုပါစီမံကိန်းက ဒေသတွင်း အပြန်အလှန်ချိတ်ဆက်ရေး ၊ ပြည်သူလူနေမှုဘဝ တိုးတက်ကောင်းမွန်လာရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး ကဏ္ဍများတွင် ရရှိထားသည့် တိုးတက်မှုများကို အနီးကပ်လေ့လာခဲ့ပြီး အနာဂတ် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဖန်းဟုန်၏ ဖိတ်ကြားချက်အရ ကိုယ်စားလှယ်အဖွဲ့သည် မေ ၃၀ ရက်က တရုတ်-လာအိုရထားလမ်း ဗီယင်ကျန်းဘူတာမှ စတင်ထွက်ခွာခဲ့သည်။ ၎င်းတို့သည် တရုတ်-လာအိုရထားတွင် လိုက်ပါ၍ လမ်းတစ်လျှောက်ရှိ Vang Vieng ဘူတာ၊ Vang Vieng ဘူတာ ကုန်စည်စီးဆင်းမှု လုပ်ငန်းခန်းမနှင့် ကုန်ပစ္စည်းထားရှိရာနေရာ၊ Luang Prabang ဘူတာနှင့် Luang Prabang ပြုပြင်ထိန်းသိမ်း စီမံခန့်ခွဲမှုစင်တာတို့ကို လေ့လာခဲ့ပြီး ရထားလမ်းလည်ပတ်သူနှင့် ရထားလမ်းဝန်ထမ်းများနှင့် ထဲထဲဝင်ဝင် ကူးလူးဖလှယ်ခဲ့ကာ ရထားလမ်းက ဘူတာရုံတည်ဆောက်ရေး၊ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လည်ပတ်မှု အကျိုးအမြတ်၊ လည်ပတ်မှုနှင့် စီမံခန့်ခွဲမှု၊ လုံခြုံရေးဆိုင်ရာ အာမခံပေးမှု၊ လူရည်ချွန် ပျိုးထောင်ပေးမှု စသည့်ကဏ္ဍ အခြေအနေများကို ဘက်စုံလေ့လာခဲ့သည်။
ကုလသမဂ္ဂ ကိုယ်စားလှယ်များက တရုတ်-လာအိုမီးရထားလမ်းသည် လာအိုနိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းသောစွမ်းအားများ ဖြည့်တင်းပေးမှု အထူးသဖြင့် ရထားလမ်းသည် ပြည်သူများသွားလာမှု အဆင်ပြေစေခြင်း၊ လာအိုလူငယ်များအတွက် လေ့ကျင့်ရေးလုပ်ဆောင်ပေးကာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု တွန်အားပေးခြင်းနှင့် ဒေသတွင်း အပြန်အလှန်ချိတ်ဆက်မှု မြှင့်တင်ခြင်း စသည့် ကဏ္ဍများတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်မှုကို အပြုသဘောဆောင်စွာ ချီးကျူးခဲ့ကြပြီး တရုတ်-လာအိုရထားလမ်းနှင့်အတူ လာအိုနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို အတူတွန်းအားပေးသွားလိုကြောင်း ပြောကြားခဲ့ကြသည်။

“ဒါက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ လေ့လာရေးခရီးစဉ်တစ်ခုပါ၊ အလွန်အကျိုးရှိတယ်လို့ ကျွန်တော် ခံစားရပါတယ်” ၊ တရုတ်-လာအိုရထားလမ်းကြောင့် လာအိုနိုင်ငံက ပိုမိုကောင်းမွန်တဲ့ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အဦ ပိုင်ဆိုင်လာပြီး လာအိုနိုင်ငံ ပြည်နယ်နဲ့ ဒေသအသီးသီးကြား အပြန်အလှန်ချိတ်ဆက်မှုကို မြှင့်တင်ပေးကာ ပြည်သူများ သွားလာရေးနှင့် ခရီးသွားဧည့်သည်များ စူးစမ်းလေ့လာရေးအတွက် အလွန်အဆင်ပြေမှုများ ပေးစွမ်းလိုက်သောကြောင့် လာအိုနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူနေမှုဘဝ တိုးတက်ကောင်းမွန်ရေးကို အကျိုးဖြစ်ထွန်းစေကြောင်း လာအိုနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Bakhodir Burkhanov က သတင်းထောက်ကို ပြောကြားခဲ့သည်။

တရုတ်-လာအိုရထားလမ်းသည် ကြီးမားသောအလားအလာများရှိပြီး အနာဂတ်တွင် တရုတ်-လာအိုရထားလမ်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အရေးများ ရှာဖွေကာ ဒေသတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအား တစ်ဆင့်တိုး အားဖြည့်ကူညီသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်-လာအိုရထားလမ်း Vang Vieng ဘူတာ၌ လေ့လာနေသော ကုလသမဂ္ဂ အဖွဲ့အစည်း ကိုယ်စားလှယ်များကို မေ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)