“ချစ်ကြည်ရေးတိုးမြှင့်စေ အေးအတူပူအမျှလက်တွဲ၍ အနာဂတ်တည်ဆောက်” – တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်ဖိုရမ်၊ တရုတ်-မြန်မာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက်ကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုခြင်းနှင့် “ဆွေးနွေးမှု . နားလည်သဘောပေါက်မှု” ယဉ်ကျေးမှုဆွေးနွေးပွဲ နိုင်ငံတကာနေ့ အထိမ်းအမှတ် အစီအစဉ်ကို ဇွန် ၅ ရက်က မြန်မာနိုင်ငံ အထက်ပိုင်းဒေသနှင့် အောက်ပိုင်းဒေသတို့တွင် တစ်ချိန်တည်းကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားများသို့ တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်း၊ လုပ်ငန်းကုမ္ပဏီ၊ တတ်သိပညာရှင်များ၊ တက္ကသိုလ်ကျောင်းများ စသည့် နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်ပေါင်း ရာနှင့်ချီတက်ရောက်၍ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေး သံယောဇဉ်အကြောင်း အတူဆွေးနွေးခဲ့ကြသည်။
အခမ်းအနား၌ မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် အမှာစကားပြောကြားရာတွင် ၇၅ နှစ်တာအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံက သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှု၊ ပညာရေး၊ အားကစား၊ ကျန်းမာရေးနှင့် ချစ်ကြည်ရေးမြို့ စသည့်ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ်နက်ရှိုင်းလာကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံက “ရပ်ဝန်းနှင့်ပိုးလမ်းမ” ၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ၊ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စသည့် အကြီးစားစီမံကိန်းများ အတူတည်ဆောက်ရာတွင် လက်တွေ့အကောင်အထည်ဖော်ခြင်းကို မြန်မာနိုင်ငံက တက်ကြွစွာထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ မန္တလေးမြို့၌ကျင်းပသည့် “ချစ်ကြည်ရေးတိုးမြှင့်စေ အေးအတူပူအမျှလက်တွဲ၍ အနာဂတ်တည်ဆောက်” – တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်ဖိုရမ်တွင် အမှာစကားပြောကြားနေသော မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် ကောင်းဖိန်ကို ၂၀၂၅ ခုနှစ် ဇွန် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဦးက တရုတ်နိုင်ငံအဆိုပြုသည့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အဆိုပြုချက်သည် ကမ္ဘာ့နိုင်ငံအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးလိုက်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မာကျားက မြန်မာနိုင်ငံ အောက်ပိုင်းဒေသ၌ ကျင်းပသည့်အခမ်းအနားတွင် အမှာစကားပြောကြားခဲ့ရာ တရုတ်-မြန်မာ နှစ်နိုင်ငံသည် ၁၉၅၀ ပြည့်နှစ်တွင် သံတမန်ဆက်ဆံရေး ထူထောင်သည့်အချိန်မှစ၍ နှစ်နိုင်ငံဆက်ဆံရေးသည် နိုင်ငံတကာအခြေအနေ ပြောင်းလဲမှု၏ စမ်းသပ်မှုများကို ကျော်ဖြတ်ခဲ့ပြီး အစဉ်အမြဲ တည်ငြိမ်စွာ ရှေ့သို့တိုးတက်လျက်ရှိကြောင်း၊ နှစ်ဖက် အတူလက်တွဲ ရှေ့သို့ချီတက်ရင်း ပြည်သူများ စိတ်နှလုံးချင်းဆက်နွှယ်ကာ အပြန်အလှန် ဖေးမကူညီလျက်ရှိကြောင်း၊ နှစ်နိုင်ငံ အရပ်ဖက်အဖွဲ့အစည်းများက တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု ခိုင်မာနက်ရှိုင်းလာရေးအတွက် ဆက်လက်တွန်းအားပေးသွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် ကောင်းဖိန်က မြန်မာနိုင်ငံ အထက်ပိုင်းဒေသ၌ ကျင်းပသည့် အခမ်းအနားတွင် အမှာစကားပြောကြားခဲ့ရာ နိုင်ငံတကာအခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်နိုင်ငံအနေဖြင့် ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်း အယူအဆကို အစဉ်အမြဲလက်ကိုင်ထားကာ မြန်မာနိုင်ငံကို အသက်သွေးကြောချင်းဆက်နွှယ်သော၊ မိတ်ဆွေကဲ့သို့၊ ဆွေမျိုးကဲ့သို့သော ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းအဖြစ် ရှုမြင်ကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို မြန်မာနိုင်ငံအပေါ် ဦးတည်သည့်မူဝါဒချမှတ်ရန် စမှတ်နှင့် အရင်းခံအမှတ်အဖြစ် အစဉ်အမြဲ ရှုမြင်ကြောင်း ပြောကြားခဲ့သည်။