ဇွန်လ ၈ ရက်နေ့တွင် တရုတ်နှင့် မြန်မာနိုင်ငံတို့ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် ၇၅ နှစ်ပြည့်မြောက်ခြင်းအတွက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံတော် အကြီးအကဲ မင်းအောင်လှိုင် တို့သည် ဂုဏ်ပြု သဝဏ်လွှာများကို အပြန်အလှန် ပေးပို့ ခဲ့ကြပါသည်။
ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် ၇၅ နှစ် အတွင်း တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသည် အခက်အခဲ အမျိုးမျိုးကို ကျော်ဖြတ်၍ ပိုမို ခိုင်ခံ့လာကြောင်း၊ နှစ်ဖက်တို့သည် နှစ်ဖက်တို့ ရှေ့ဆောင် တင်ပြခဲ့သော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်နှင့် ဘန်ဒေါင်းစိတ်ဓာတ်ကို စွဲကိုင်ပြီး၊ အိမ်နီးချင်း ကောင်း ချစ်ကြည်ရေးကို စွဲကိုင်ကာ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်း ဆောင်ရွက် မှုများကို နက်ရှိုင်းစေ၍ တစ်ဖက်သား၏ အမြုတေ အကျိုးစီးပွားနှင့် အရေးကြီး ရေးရာ များတွင် အပြန်အလှန် ပြတ်ပြတ်သားသား ထောက်ခံပြီး နိုင်ငံချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေး၏ စံနမူနာကို ထူထောင်ထားကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-မြန်မာ ဆက်ဆံရေးကို လွန်စွာ အလေးထားပြီး နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် ၇၅ နှစ် ပြည့်မြောက်ခြင်းကို အခွင့်ကောင်းအဖြစ် ရှုမြင်ကာ Belt and Road အရည်အသွေး မြင့်မားစွာ လက်တွဲ တည်ဆောက်မှု ပူးပေါင်းဆောင်ရွက်ရေးကို တွန်းအားပေးရန်၊ ကမ္ဘာလုံး ဆိုင်ရာ ဖွံ့ဖြိုးရေး အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက်များကို ကောင်းမွန်စွာ လက်တွဲ ဖော်ဆောင်ရန်၊ တရုတ်-မြန်မာ ကံကြမ္မာတူ အသိုက်အဝန်း အဆက်မပြတ် ထိရောက်စွာ ဖော်ဆောင်ရေးကို တွန်းအားပေးပြီး နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမို များပြားသော ချမ်းသာသုခများကို ဆောင်ကြဉ်းပေးရန် မြန်မာ နိုင်ငံနှင့် လက်တွဲ ကြိုးပမ်းလိုပါကြောင်း ဖော်ပြထားပါသည်။
မင်းအောင်လှိုင်၏ သဝဏ်လွှာတွင် ၂၀၂၀ ပြည့်နှစ်တွင် အဆွေတော် သမ္မတ၏ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ်သည် နှစ်နိုင်ငံ ကံကြမ္မာတူ အသိုက်အဝန်း၏ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပေးခဲ့ကြောင်း၊ မကြာခင်က မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်ကြီး ဖြစ်ပွား ခဲ့ရာတွင် တရုတ်အစိုးရနှင့် ပြည်သူများသည် လူသားချင်း စာနာထောက်ထားရေး ထောက်ပံ့ ကူညီမှုများကို အချိန်မီ ပံ့ပိုးပေးကာ နှစ်နိုင်ငံ အေးအတူ ပူအမျှ အပြန်အလှန် ဖေးမ ထောက်ခံသော နက်ရှိုင်းသည့် မေတ္တာကို ပြည့်ပြည့်ဝဝ ပြသ ထားကြောင်း၊ တရုတ်နိုင်ငံက မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းတည်ငြိမ်မှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှုများ ဖော်ဆောင်ရေးကို ပြတ်ပြတ်သားသား ထောက်ခံပေးခြင်းကို ကျေးဇူး တင်ရှိကြောင်း၊ နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို လျင်မြန်စွာ တွန်းအားပေးပြီး ပိုမို အားကောင်းပြီး ခိုင်ခံ့ကာ အပြန်အလှန် အကျိုး ဖြစ်ထွန်းသော မိတ်ဖက် ဆက်ဆံရေး တည်ဆောက်ရန် မျှော်လင့်ကြောင်း ဖော်ပြ ထားပါသည်။
ယင်းနေ့၌ပင် တရုတ် ဝန်ကြီးချုပ် လီချန်သည်လည်း မြန်မာနိုင်ငံတော် အကြီးအကဲ မင်းအောင်လှိုင် တို့နှင့် ဂုဏ်ပြုသဝဏ်လွှာများကို အပြန်အလှန် ပေးပို့ခဲ့ကြပါသည်။