၂၀၂၅ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တာ့လီ မာရသွန်ပြိုင်ပွဲကို မေလ ၁၈ ရက်နေ့က ယူနန်ပြည်နယ် တာ့လီ(ပိုင်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ တာ့လီမြို့တွင် ကျင်းပခဲ့ရာ နိုင်ငံနှင့် ဒေသပေါင်း ၂၀ မှ အားကစားသမားများနှင့် အပြေးဝါသနာရှင်များ စုစုပေါင်း ၂၀,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို အားကစားအမည်ဖြင့် ဖိတ်ခေါ်ရာ အခမ်းအနားကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကူမင်းမြို့ရှိ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် ကောင်စစ်ဝန်ချုပ်တို့မှ အရာရှိများ တက်ရောက်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် မာရသွန်၊ မာရသွန်တစ်ဝက်၊ မာရသွန်အချစ်ခရီး၊ ပျော်ပျော်ပါးပါးပြေးကစား၊ မိသားစုအပြေးပြိုင်ပွဲ စသည့်ပြိုင်ပွဲ ၅ ခု ပါဝင်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ခြောက်နိုင်ငံအပြင် သြစတြေးလျ၊ ဘရာဇီး၊ ပြင်သစ်၊ နယ်သာလန်၊ ကနေဒါ၊ အမေရိကန်၊ မလေးရှား စသည့်နိုင်ငံများမှ ပြိုင်ပွဲဝင်များကို ဆွဲဆောင်ခဲ့သည်။ ယင်းပြိုင်ပွဲသည် အားကစားပြိုင်ပွဲတစ်ခုသာမက လန်ချန်း-မဲခေါင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်နှင့် ပြည်သူချင်းစိတ်ချင်း ချိတ်ဆက်ရေးကို မြှင့်တင်ရန် အရေးကြီးသော ပလက်ဖောင်းတစ်ခုလည်း ဖြစ်သည်။
အကြိတ်အနယ်ယဥ်ပြိုင်မှုအပြီးတွင် မာရသွန်အမျိုးသားအုပ်စု၏ ထိပ်တန်းသုံးဦးစလုံးမှာ ကင်ညာနိုင်ငံမှ အားကစားသမားများ ဖြစ်သည်။ မာရသွန် အမျိုးသမီးချန်ပီယံကို အီသီယိုးပီးယား အားကစားသမားက အနိုင်ရရှိခဲ့ပြီး မာရသွန်တစ်ဝက် အမျိုးသားအုပ်စုနှင့် အမျိုးသမီးအုပ်စု၏ ချန်ပီယံများသည် တရုတ်အားကစားသမားများ ဖြစ်သည်။
နှစ်ပေါင်းများစွာ အားထုတ်မှုဖြင့် ကျင်းပသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တာ့လီ မာရသွန်ပြိုင်ပွဲသည် ယဉ်ကျေးမှုနှင့် ချစ်ကြည်ရေးဖလှယ်ရန် ခမ်းနားသောပွဲကြီး ဖြစ်လာခဲ့သည်။ ဤဆွဲဆောင်မှုအပြည့်ရှိသောမြေပြင်တွင် အပြေးသမားများသည် နှစ်တစ်ထောင်ကျော်သက်တမ်းရှိ မြို့ဟောင်း၏ကျက်သရေကို အပြေးလွှားခံစားရင်း အယ်ဟိုင်ရေကန်နှင့် ချန်းဆန်းတောင်၏လှပသောရှုခင်းများကို ကြည့်ရှုခံစားနိုင်သည်။