တံခါးဖွင့်ထားသော တရုတ်နိုင်ငံက ကမ္ဘာကြီးအတွက် အမြဲတမ်း အခွင့်အလမ်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

Xinhua, May 27, 2025
Size:

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်အား မေ ၁၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှု၊ စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်မှု မြှင့်တင်ရန် နိုင်ငံအသီးသီး၏ မူဝါဒ ညှိနှိုင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုသည် အထူးပင် အရေးကြီးသည်ဟု ယူဆသည့် ကုလသမဂ္ဂ၏ မကြာသေးမီရက်က ထုတ်ပြန်သော အစီရင်ခံစာနှင့် စပ်လျဉ်း၍ ကမ္ဘာ့စီးပွားရေးသည် အန္တရာယ်များနှင့် ပို၍ ရင်ဆိုင်နေရလေ၊ စိန်ခေါ်မှုများအား တံခါးဖွင့်မှုဖြင့် ရင်ဆိုင်ရန်လိုအပ်လေဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရမည်ဖြစ်ကြောင်း၊ တံခါးဖွင့်ထားသော တရုတ်နိုင်ငံက ကမ္ဘာကြီးအတွက် အမြဲတမ်း အခွင့်အလမ်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က မေ ၁၆ ရက်တွင် မေးမြန်းမှုများကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။

အဆိုပါနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ၎င်းတို့အနေဖြင့် ကုလသမဂ္ဂက မေ ၁၅ ရက်က ထုတ်ပြန်ခဲ့သော “၂၀၂၅ ခုနှစ် ကမ္ဘာ့စီးပွားရေးအခြေအနေနှင့် မျှော်မှန်းချက်ဆိုင်ရာ နှစ်လယ်ပိုင်း နောက်ဆုံးအခြေအနေ” အစီရင်ခံစာတွင် စည်းကြပ်ခွန် မြင့်တက်လာခြင်းနှင့် ကုန်သွယ်ရေးမူဝါဒ မသေချာမရေရာမှုကြောင့် ကမ္ဘာ့စီးပွားရေးအလားအလာ ဆိုးရွားလာပြီး နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ဖွံ့ဖြိုးဆဲစီးပွားရေးအစုအဖွဲ့တို့အတွက် ပိုမိုများပြားသော စိန်ခေါ်မှုများ ဆောင်ကြဉ်းပေးသလို တရုတ်နိုင်ငံသည်လည်း ထိုးနှက်ခံရမည်ကို သတိထားမိကြောင်း၊ ယခုနှစ် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းသည် ၂.၄ ရာခိုင်နှုန်းအထိ နှေးကွေးမည်ဖြစ်ပြီး၊ ကုန်သွယ်ရေး တိုးတက်မှုသည် ၁.၆ ရာခိုင်နှုန်းအထိ ကျဆင်းမည်ဟု အစီရင်ခံစာတွင် ခန့်မှန်းထားကြောင်း၊ ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှကို မြှင့်တင်ရန် နိုင်ငံအသီးသီး၏ မူဝါဒ ညှိနှိုင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုသည် အထူးပင် အရေးကြီးသည်ဟု ယူဆကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းနှင့် ပတ်သက်၍ မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။

“လက်ရှိမှာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ၊ လွတ်လပ်စွာကုန်သွယ်ရေးတို့က ခက်ခဲပြင်းထန်တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုက သမိုင်းရေစီးကြောင်း၊ တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှုက ခေတ်ကာလရဲ့ အခြေအနေအတိုင်းဖြစ်သလို နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒက မလွဲမသွေရွေးချယ်မှုဖြစ်တယ်ဆိုတာ ဖြစ်ရပ်မှန်တွေက ထပ်မံ သက်သေထူလျက်ရှိတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။

လက်ရှိအခြေအနေတွင် ဘက်အသီးသီးအနေဖြင့် နိုင်ငံစုံကုန်သွယ်ရေးယန္တရားနှင့် နိုင်ငံတကာစီးပွားရေး၊ ကုန်သွယ်ရေးစည်းမျဉ်းစည်းကမ်းများကို ပိုမိုကာကွယ်သင့်ကြောင်း၊ တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှုရှိသော နိုင်ငံတကာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ကာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘုံသာယာဝပြောမှုကို အကောင်အထည်ဖော်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာ့စီးပွားရေးသည် အန္တရာယ်များနှင့် ပို၍ ရင်ဆိုင်နေရလေ၊ စိန်ခေါ်မှုများအား တံခါးဖွင့်မှုဖြင့် ပို၍ရင်ဆိုင်ရန်လိုအပ်လေဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အဆင့်မြင့်သော တံခါးဖွင့်မှု၊ ပွင့်လင်းမြင်သာသော၊ တည်ငြိမ်သော၊ မျှော်မှန်းနိုင်သော မူဝါဒဝန်းကျင်ကို အစဉ်အမြဲ လက်ကိုင်ထားလျက်ရှိကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။

“နိုင်ငံအသီးသီးက ကုမ္ပဏီလုပ်ငန်းတွေအတွက် ဈေးကွက်အသွင်၊ တရားဥပဒေစိုးမိုးမှုအသွင်၊ နိုင်ငံတကာအသွင်ရှိတဲ့ ထိပ်တန်း စီးပွားရေးလည်ပတ်မှု ပတ်ဝန်းကျင်အား ပံ့ပိုးပေးဖို့၊ ကျွန်တော်တို့ရဲ့ အကြီးစားဈေးကွက်ကို ကမ္ဘာကြီးအတွက် မျှဝေနိုင်တဲ့ စျေးကွက်ကြီးအဖြစ် ဖန်တီးတည်ဆောက်ဖို့၊ အများအကျိုးပြုပြီး အားလုံးပါဝင်နိုင်တဲ့ စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုကို မြှင့်တင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်။ တံခါးဖွင့်ထားတဲ့ တရုတ်နိုင်ငံက ကမ္ဘာကြီးအတွက် အမြဲတမ်း အခွင့်အလမ်းဖြစ်တယ်” ဟု ၎င်းက ဆိုခဲ့သည်။ (Xinhua)