မြန်မာနိုင်ငံတွင် အမြဲရှိနေမည့် ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့ ချန်ထားခဲ့သည်… မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့၏ ကူညီဖေးမမှု မှတ်တမ်း

Xinhua, May 27, 2025
Size:

တရုတ်နိုင်ငံ ကူမင်းမြို့ ချန်ရွှေအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်အစိုးရမှ မြန်မာနိုင်ငံအတွက် အကူအညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့ဝင်များအတွက် ပန်းစည်းများ လက်ဆောင်ပေးနေသည်ကို ၂၀၂၅ ခုနှစ် မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မေ ၁၈ ရက် နေ့လယ်ပိုင်းတွင် တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ကူညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့သည် တာဝန်များ အပြည့်အဝ ပြီးမြောက်၍ ကူမင်းမြို့ ချန်ရွှေအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ အဖွဲ့ဝင်များက တရုတ်နိုင်ငံအလံများကို ဝှေ့ယမ်းလျက် လေယာဉ်မှ ထွက်လာစဉ် လေယာဉ်ဆိုက်နားရာနေရာတွင် လက်ခုပ်ဩဘာသံများဖြင့် လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။

မတ်လက မြန်မာနိုင်ငံတွင် ပြင်းအား ၇.၉ အဆင့်ရှိ အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ခဲ့ရာ လူသေဆုံးဒဏ်ရာရမှု များစွာ ဖြစ်ပွားခဲ့သည်။ အချင်းဖြစ်ပွားပြီး ပထမဆုံးအချိန်တွင်ပင် တရုတ်နိုင်ငံက ကူညီကယ်ဆယ်ရေးအင်အားစေလွှတ်ခဲ့သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်း အသုတ် ၁၄ သုတ် ပံ့ပိုးကာ ပြန်လည်နေရာချထားရေး၊ ကူညီပံ့ပိုးရေး စသည့် ကဏ္ဍစုံတွင် မြန်မာနိုင်ငံ၏ အန္တရာယ်အခက်အခဲများကို ကူညီဖေးမခဲ့သည်။

“ငလျင်ဘေးကြီးအလွန် ကူးစက်ရောဂါကာကွယ်ရေး” ဖြစ်သောကြောင့် သဘာဝကပ်ဘေးကြီးအလွန် ကူးစက်ရောဂါ ကာကွယ်ရေးသည် အရေးကြီးသည့် အစီအမံဖြစ်သည်။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု ကပ်ဘေးကယ်ဆယ်ရေး အကူအညီ၏ အရေးကြီး အစိတ်အပိုင်းအနေဖြင့် တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ကူညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့သည် ဧပြီ ၁၉ ရက်တွင် ကူမင်းမှ ငလျင်ဒဏ်ပြင်းထန်စွာခံစားရသည့် မန္တလေးတိုင်းဒေသကြီးသို့ ရောက်ရှိပြီး တစ်လကြာ ငလျင်ဘေးအလွန် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအား ကူညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေး အဖွဲ့ခေါင်းဆောင်၊ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဦးစီးဌာန အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးချုပ် ချန်လေက မန္တလေး၌ လုပ်ငန်းများဆောင်ရွက်စဉ်ကာလအတွင်း ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့သည် ကွင်းဆင်းလေ့လာစစ်ဆေးခြင်း၊ ကူးစက်ရောဂါဖြစ်ပွားစေသည့် ကြားခံသတ္တဝါအား စောင့်ကြည့်ထိန်းချုပ်ခြင်း၊ ပတ်ဝန်းကျင်ပိုးသတ်ခြင်း၊ နမူနာယူ၍ စမ်းသပ်စစ်ဆေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ငလျင်ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အဓိက စခန်း ၄ ခုတွင် အကဲဖြတ် လေ့လာစစ်ဆေးမှု ၅ ကြိမ် လုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံမှ ကူညီပံ့ပိုးသော ကာလဝမ်းရောဂါ ကာကွယ်ဆေး အကြိမ်ရေ ၆၈၀,၀၀၀ ထိုးနှံရေးလုပ်ငန်းများကို လမ်းညွှန်ပေးခဲ့ကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။

သဘာဝကပ်ဘေးက ရက်စက်ကြမ်းကြုတ်သော်လည်း လူ့လောကတွင် မေတ္တာတရားဟူ၍ ရှိကြပေသည်။

“တရုတ် ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့က လူတွေကို တွေ့လိုက်တိုင်း ကျွန်တော်တို့ စိတ်အေးသွားတယ်၊ သိပ်ပြီး အားတက်သွားတယ်လို့ ခံစားရတယ်” ဟူသော မန္တလေး ငလျင်ဒုက္ခသည်များ၏ ရင်တွင်းစကားများက တရုတ်နိုင်ငံ ကျန်းမာရေးဆိုင်ရာ ကူညီကယ်ဆယ်ရေးအင်အားအပေါ် ယုံကြည်မှုကို ဖော်ပြခြင်းပင်ဖြစ်သည်။

“‘တရုတ် ကျန်းမာရေးဝန်ထမ်း’ လို့ တံဆိပ်နှိပ်ထားတဲ့ ဝတ်စုံကို ကျွန်တော်တို့ ဝတ်ပြီး ပြန်လည်နေရာချထားရေး စခန်းက ရွက်ဖျင်တဲတွေမှာ ဖြတ်သွားရင် ဒေသခံပြည်သူတွေက လက်အုပ်ချီကာ ပြုံးရယ်ပြီး ‘လာကူညီတာ ကျေးဇူးတင်လိုက်တာ’ လို့ ပြောကြပါတယ်။ အဲဒီလိုစကားတွေ ကြားရတဲ့အခါတိုင်း ကျွန်တော်တို့ရင်ထဲမှာ နွေးထွေးရသလို ဂုဏ်လည်းယူမိတယ် ” ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဝမ်ယွဲ့ပင်းက ဆိုသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်နေသလို နက်ရှိုင်းလှသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးလည်း ရှိပေသည်။

တစ်မြေခြား တစ်ရေခြားသည့် တိုင်းတစ်ပါးတွင် ဘာသာစကားမပေါက်ခြင်းသည် အလွယ်တကူ အတားအဆီး ဖြစ်စေသော်လည်း ယခုအကြိမ်တွင် ဘာသာပြန်အခက်အခဲဟူ၍ မရှိခဲ့ပေ။ ဒေသန္တရ ပရဟိတအဖွဲ့အစည်းများက တရုတ်-မြန်မာ-အင်္ဂလိပ် ဘာသာစကားသုံးမျိုး ကျွမ်းကျင်သည့် စေတနာ့ဝန်ထမ်းများစွာကို ဆက်သွယ်ကာ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့ကို ကူညီပေးခဲ့သည်။

ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ပြီး မကြာမီတွင်ပင် ပြန်လည်နေရာချထားရေးစခန်း၌ “ငလျင်ကာလ ကလေးငယ်” တစ်ဦး မွေးဖွားမှုနှင့်ကြုံခဲ့ရာ အဖွဲ့ဝင်များက ယင်းမိခင်နှင့်ကလေးငယ်ကို မကြာခဏ သွားရောက်ကြည့်ရှုပြီး ကလေးငယ်အတွက် ကျန်းမာရေးစစ်ဆေးမှု ကူညီလုပ်ဆောင်ပေးသလို မိခင်အတွက် စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုလည်း လုပ်ဆောင်ပေးခဲ့သည်။
အပြန်ခရီးစဉ်မတိုင်မီ အားလုံးနှင့် နှုတ်ဆက်ခဲ့ကြောင်း အဖွဲ့ဝင် ကျန်းရီဝန်က ပြောသည်။
“မိခင်လည်း ပြန်ပြီးကောင်းလာတယ်၊ ကလေးကလည်း သန်မာလာတယ်။ သူတို့ကိုကြည့်ပြီး ကပ်ဘေးရဲ့ စာနာတရားမရှိမှုကို သံဝေဂရသလို ဘဝရဲ့ ရှင်သန်စွမ်းအားကြီးမားပုံကိုလည်း အံဩမိတယ်။ အားလုံးကောင်းလာမှာပါ၊ ကလေးက ဘဝရဲ့အနာဂတ်၊ မိသားစုက ဘဝရဲ့ မျှော်လင့်ချက်ပါလို့ ကလေးအမေကို ကျွန်မ ပြောခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

“ရှေ့ရက်ပိုင်းက ပြန်လည်နေရာချထားရေးစခန်းကို ကျွန်တော်တို့ နောက်ဆုံးတစ်ခေါက်သွားခဲ့တယ်။ ကျွန်တော်တို့ ပြန်တော့မယ် ဆိုတာလည်း သိရော ကလေးအမေနှစ်ယောက်က မျက်ရည်တွေကျလာပြီး ကျွန်တော်တို့ကို ဖက်ထားတယ်ဗျာ” ဟု ဝမ်ယွဲ့ပင်းက မျက်ရည်ဝဲလျက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ မသွားမီ “ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး၊ အပြန်အလှန်ကူညီဖေးမပေး” ဟူသော စာတန်းပေါ်က စာလုံးများသည် တစ်လကြာပြီးနောက် အဖွဲ့ဝင်များ၏ရင်ထဲဝယ် စွဲမြဲလို့နေပေသည်။

မေတ္တာဟူသည် အတုံ့အလှည့်ရှိကြစမြဲပင်ဖြစ်သည်။ မြန်မာပြည်သူလူထု၏ ရိုးသားပွင့်လင်းသည့် ချစ်ကြည်ရင်းနှီးမှုက တရုတ်ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့၏ စိတ်နှလုံးကို လှုပ်ခတ်စေသလို ၎င်းတို့က ကူးစက်ရောဂါကာကွယ်ရေး တာဝန်များ ပိုမိုကောင်းမွန်စွာ ပြီးမြောက်အောင် ထမ်းဆောင်ရန် နှိုးဆော်သည့်အင်အားလည်း ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ရှိစဉ်ကာလက တရုတ်ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့သည် အပူချိန်ဆက်တိုက်မြင့်မားမှုကို ကြုံတွေ့ခဲ့ရသည်။ အဖွဲ့ဝင်များသည် ၄၄ ဒီဂရီစင်တီဂရိတ်ရှိသည့် ပြင်ပတွင် လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်သလို ခြင်၊ယင်ပိုးကောင်များပြားမှု၊ နောက်ဆက်တွဲငလျင် မကြာခဏဖြစ်ပွားမှု၊ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုများကလည်း လုပ်ငန်းဆောင်တာများအပေါ် ဆိုးရွားသည့် စိန်ခေါ်မှု ဖြစ်စေခဲ့သည်။
“ဒီအခက်အခဲတွေကလည်း ကျွန်တော်တို့အပေါ် မသက်ရောက်နိုင်ခဲ့ပါဘူး၊ အဖွဲ့အနေနဲ့ နောက်ဆုံး ‘အောင်မြင်မှုရပြီး သေဆုံးဒဏ်ရာရမှုမရှိစေရ’ ဆိုတဲ့ ရည်မှန်းချက်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်” ဟု ချန်လေက ပြောကြားခဲ့သည်။

ကူညီပံ့ပိုးခြင်းဟူသည် နည်းလမ်းပံ့ပိုးပေးခြင်းလည်းပါရမည် ဖြစ်သည်။ ပတ်ဝန်းကျင်ပိုးသတ်ခြင်း၊ ဓာတ်ခွဲခန်း စမ်းသပ်ခြင်း စသည့် အဓိကနည်းပညာများကို မြန်မာနိုင်ငံအနေဖြင့် လျင်မြန်စွာ ကျွမ်းကျင်အောင် ကူညီနိုင်ရန်အတွက် တရုတ်ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့သည် သီအိုရီပိုင်းဆိုင်ရာ လေ့ကျင့်ပေးခြင်း၊ လက်တွေ့ကွင်းဆင်း သင်ကြားခြင်းတို့ဖြင့် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးကဏ္ဍ ကျွမ်းကျင်ဝန်ထမ်း ၁၀၅ အား မွမ်းမံသင်တန်းပေးခဲ့သလို မြန်မာနိုင်ငံအတွက် ကပ်ဘေးအလွန် ကျန်းမာရေးနှင့် ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ နည်းပညာလမ်းညွှန်စာတမ်း ၁၃ စောင်အား မြန်မာနိုင်ငံအတွက် ကူညီရေးဆွဲပေးခဲ့ရာ ရေပေးဝေမှုဘေးကင်းရေး၊ ရောဂါကာကွယ်ထိန်းချုပ်ရေး စသည့် အရေးကြီးကဏ္ဍများ လွှမ်းခြုံပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ မထွက်ခွာမီ တရုတ်ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့သည် စမ်းသပ်ဆေး၊ ပိုးသတ်ကိရိယာနှင့် အထောက်အပံ့ပစ္စည်း အလုံးစုံကို လှူဒါန်းခဲ့သလို မြန်မာနိုင်ငံအတွက် ရေရှည်ထိရောက်သည့် နည်းပညာပံ့ပိုးမှု ပေးခဲ့သည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က မြန်မာနိုင်ငံမှာ ‘အမြဲရှိနေမယ့် ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့’ တစ်ဖွဲ့ ချန်ထားနိုင်ဖို့ပါ” ဟု ချန်လေက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က တရုတ်နိုင်ငံ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့မှာ မြန်မာနိုင်ငံ မန္တလေးငလျင်ကြီးပြီးနောက် မန္တလေးမြို့သို့ ရောက်ရှိလာသည့် တစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အင်တိုက်အားတိုက် ပံ့ပိုးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဦးစီးဌာန သက်ဆိုင်ရာ တာဝန်ရှိသူက ယခုအကြိမ် မြန်မာနိုင်ငံသို့ သွားရောက်အကူအညီပေးခြင်းသည် တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဦးစီးဌာန ထူထောင်ပြီးချိန်မှစ၍ ပထမအကြိမ် ပြည်ပသို့သွားရောက်ကူညီပေးသော ကျန်းမာရေးဆိုင်ရာမစ်ရှင်ဖြစ်ကြောင်း၊ အဖွဲ့ဝင်များသည် လူသားမျိုးနွယ် ကျန်းမာရေးကဏ္ဍ အေးအတူ ပူအမျှ အသိုက်အဝန်း၏ အတွေးအခေါ်ကို လက်တွေ့လှုပ်ရှားမှုဖြင့် ဖော်ဆောင်ခဲ့ရာ တရုတ်နိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့၏ ပေးဆပ်လိုမှုစိတ်ဓာတ်ကို ပြသခဲ့သလို တရုတ်နိုင်ငံ၏ တာဝန်သိစိတ်ကို အထင်အရှားပြသခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ အတွေ့အကြုံနှင့် နည်းပညာအား မျှဝေမှု၊ သက်ဆိုင်ရာကဏ္ဍ ပံ့ပိုးမှုများမှတစ်ဆင့် ငလျင်ဒဏ်သင့်ဒေသ၌ ကူးစက်ရောဂါများ ကပ်ရောဂါအသွင် ကူးစက်ဖြစ်ပွားနိုင်မှုအန္တရာယ်ကို ထိရောက်စွာ လျှော့ချခဲ့ကြောင်း ၎င်းက ဆိုသည်။

တောတောင်ရေမြေချင်း ဆက်စပ်နေသည့် ခေတ်အဆက်ဆက် အိမ်နီးချင်း၏ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် အခက်ကြုံလျှင် အပြန်အလှန်အကူအညီပေးကြစမြဲပင် ဖြစ်သည်။ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန မန္တလေးခရိုင် တိုးချဲ့/ကူးစက်အဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာဝင်းလှိုင်ဖြိုးက “တရုတ်ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့က ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ စည်းစနစ်တကျရှိပြီး ရလဒ်တွေ သိသာထင်ရှားပါတယ်။ နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကိုလည်း မြှင့်တင်ပေးတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)

1  2  3  4  5  6  7  8  9  >