တရုတ်နိုင်ငံ ဝန်ကြီးချုပ်က စီးပွားရေး တည်ငြိမ်စွာဖွံ့ဖြိုးမှု၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အလေးပေးပြောကြား

Xinhua, May 23, 2025
Size:

ပြည်တွင်းစီးပွားရေး မြှင့်တင်ရေးဆိုင်ရာ နိုင်ငံတော်ကောင်စီ အစည်းအဝေး၌ အမှာစကားပြောကြားနေသည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် အမှာစကားပြောကြားနေပုံကို ၂၀၂၅ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြည်တွင်းစီးပွားရေး တည်ငြိမ်မှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတို့ကို အကောင်းဆုံးအသုံးချ၍ ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများကို တန်ပြန်ကာကွယ်ရန်၊ နိုင်ငံ၏ တည်ငြိမ်သော ရေရှည်ဖွံ့ဖြိုးမှု၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အားပေးမြှင့်တင်ရန် အရေးကြီးကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က မေ ၁၅ ရက်၌ အလေးအနက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် တင်းရွှဲရှန်က သဘာပတိအဖြစ်ဆောင်ရွက်သည့် ပြည်တွင်းစီးပွားရေး မြှင့်တင်ရေးဆိုင်ရာ နိုင်ငံတော်ကောင်စီ အစည်းအဝေး၌ လီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်းဝယ်လိုအား မြှင့်တင်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ထောက်ပံ့ဖြည့်တင်းမှု အသွင်ပြောင်းလဲရေးအတွက် ပေါင်းစပ်ညှိနှိုင်းရန်၊ ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက်များ ချိတ်ဆက်မှု ခိုင်မာအားကောင်းအောင် လုပ်ဆောင်ရန် အလွန်အရေးကြီးကြောင်း လီက ပြောကြားခဲ့သည်။
ပြည်တွင်းစီးပွားရေးကို မြှင့်တင်ရန်အတွက် အရင်းအမြစ် အမျိုးအစားအားလုံးကို ထိထိရောက်ရောက် ခွဲဝေသတ်မှတ်ရေး၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဆန်းသစ်တီထွင်မှုတို့အား နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းနိုင်ရေး၊ မိမိဘာသာဖူလုံ၍ ပြီးပြည့်စုံသော စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်များ တည်ဆောက်ရေး၊ ရောင်းလိုအားနှင့် ဝယ်လိုအားမျှခြေကို တက်တက်ကြွကြွထိန်းသိမ်းရေး စသည့် နယ်ပယ်များအပေါ် အဓိကအာရုံစိုက်ရန် လိုအပ်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
ထို့အတူ တရုတ်နိုင်ငံ၏ ပို့ကုန်ကုမ္ပဏီများကို အထောက်အကူပေးရန်၊ အလုပ်အကိုင်ရရှိမှု တည်ငြိမ်စေရန်၊ စားသုံးမှုများကို နှိုးဆွရန်၊ ထိရောက်သော ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံမှုရှိရေး သေချာစေရန် ကြိုးပမ်းအားထုတ်ရမည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။
ဌာနအသီးသီးနှင့် ဒေသအသီးသီးအနေဖြင့် ၎င်းတို့၏ မူဝါဒ ရေးဆွဲပြင်ဆင်မှုနှင့် လက်တွေ့ဖော်ဆောင်မှု ခိုင်မာအောင်လုပ်ဆောင်ကာ ပေါင်းစပ်ညှိနှိုင်းမှု၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြီး ဈေးကွက်၏ သက်ဝင်နိုးကြားမှုနှင့် လူမှုရေးဆိုင်ရာ ဖန်တီးနိုင်စွမ်းတို့ကို အပြည့်အဝ နှိုးဆွပေးသင့်ကြောင်း လီက အလေးအနက်ပြောကြားခဲ့သည်။ (Xinhua)