မြန်မာနိုင်ငံ ငလျင်ဘေးမှအသက်ရှင်လွတ်မြောက်လာသူများက တရုတ်နိုင်ငံမှ လှူဒါန်းသောရွက်ဖျင်တဲများတွင် ဘေးကင်းလုံခြုံမှုကို တွေ့ရှိ

Xinhua, May 21, 2025
Size:

မြန်မာနိုင်ငံ မန္တလေးမြို့တွင် တရုတ်နိုင်ငံက လှူဒါန်းထားသော ရွက်ဖျင်တဲများအပြင်ဘက်၌ ဘောလုံးကန်နေသော ကလေးငယ်များကို ၂၀၂၅ ခုနှစ် မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးမြို့ရှိ ငလျင်ဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် တရုတ်နိုင်ငံက လှူဒါန်းထားသော ရွက်ဖျင်တဲ၏ အဖြူရောင်အမိုးအောက်၌ အသက် ၃၃ နှစ်အရွယ် မအေးအေးသည် အနီးအနား၌ ဆော့ကစားနေသော လမ်းလျှောက်တတ်စကလေးငယ်အား ဂရုတစိုက်စောင့်ကြည့်ရင်းဖြင့် တစ်ဖက်ကလည်း အသက် ၉ လအရွယ်ကလေးငယ်အား ပုခက်လွှဲ၍ ချော့သိပ်နေသည်။
“ဒီတဲတွေက ဇစ်ပိတ်ထားလိုက်ရင် ကျွန်မတို့ကို နေပူ မိုးရွာ လေတိုက်ခတ်တဲ့ဒဏ်တွေကနေ ကာကွယ်ပေးသလို ခြင်ကိုက်လည်းသက်သာစေတယ်။ ဒါတွေမရှိခင်တုန်းကတော့ ကျွန်မတို့ မြေကြီးပေါ် အိပ်ရတယ်။ လဟာပြင်မှာပဲ” ဟု မအေးအေးက ကလေးပုခက်အား ညင်သာစွာလွှဲရင်း ပြောပြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုရှိ နေအိမ်များနှင့် လူ့အသက်ပေါင်းများစွာကို ဖျက်ဆီးခဲ့သော၊ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၌ ပျက်စီးဆုံးရှုံးမှုများပြားခဲ့သော ငလျင်အကြိမ်ပေါင်းများစွာ လှုပ်ခတ်ခဲ့ပြီးနောက် မိမိတို့၏နေအိမ်မှ စွန့်ခွာထွက်ပြေးခဲ့ရသည့် ပြည်သူအမြောက်အမြားတွင် မအေးအေးနှင့် မိသားစုလည်း အပါအဝင်ဖြစ်ခဲ့သည်။ အင်အား ၇.၉ မဂ္ဂနီကျုအဆင့်ရှိ ငလျင်နှင့်အတူ နောက်ဆက်တွဲငလျင်များစွာ လှုပ်ခတ်ခဲ့သော သဘာဝဘေးအန္တရာယ်ကြောင့် မေ ၉ ရက်အထိ သေဆုံးသူ ၃,၈၀၀ ခန့်နှင့် နေရပ်စွန့်ခွာသူ ၂၀၀,၀၀၀ ကျော် ရှိခဲ့သည်။
“ကျွန်မတို့အိမ်က အက်ကြောင်းရာတွေဖြစ်သွားတာ” ဟု ၎င်းက ဆိုသည်။ နောက်ထပ်ငလျင် လှုပ်ခဲ့ပါက ပြိုကျမည်ကို စိုးရိမ်သဖြင့် နေအိမ်မှ ထွက်ခွာလာခဲ့ရကြောင်း မအေးအေးက ထပ်လောင်းပြောပြခဲ့သည်။
၎င်းတို့သည် ဘောလုံးကွင်းအတွင်း တရုတ်နိုင်ငံက လှူဒါန်းထားသော ရွက်ဖျင်တဲများဖြင့် ယာယီငလျင်ကယ်ဆယ်ရေးစခန်းသို့ မပြောင်းရွှေ့မီက အခြားသူများကဲ့သို့ပင် လမ်းနံဘေး၌ ဦးစွာနေထိုင်ခဲ့ရသည်။ တရုတ်နိုင်ငံ၏ လှူဒါန်းမှုသည် များပြားလှသော လူသားချင်းစာနာထောက်ထားမှု ငလျင်ကယ်ဆယ်ရေး အကူအညီ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အစားအစာ၊ ဆေးဝါး၊ အသင့်တပ်ဆင်နိုင်သော သာမန်နေအိမ်များ၊ လောင်စာဆီ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ ၁၃ သုတ် ရောက်ရှိထားပြီးဖြစ်သည်။
“တရုတ်ဆရာဝန်တွေလည်း လာတယ်လေ။ ကျွန်မတို့ရဲ့ သောက်သုံးရေတွေကို စစ်ဆေးပေးပြီးတော့ ကျွန်မကလေးတွေအတွက်လည်း ကျန်းမာရေးအကြံပေးတာတွေလည်း လုပ်ခဲ့တယ်” ဟု မအေးအေးက ပြောပြခဲ့သည်။
ယာဉ်မောင်းတစ်ဦး ဖြစ်သော ၎င်း၏ခင်ပွန်းဖြစ်သူမှာ အလုပ်ပြန်လည်လုပ်ကိုင်ရန် ရုန်းကန်နေရဆဲဖြစ်သည်။ ပျက်စီးနေသော လမ်းများနှင့် နေ့စဉ်လူနေမှုဘဝများ အဆင်မပြေဖြစ်မှုကြောင့် အလုပ်အကိုင် ပြန်လည်စတင်ရန်မှာ နှောင့်နှေးလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
နောက်ထပ် ယာယီငလျင်ကယ်ဆယ်ရေးစခန်းတစ်ခုတွင် နေထိုင်သော အသက် ၇၂ နှစ်အရွယ် ဒေါ်အေးအေးချစ်ကလည်း မိသားစုဝင် ခြောက်ဦးနှင့်အတူ တရုတ်နိုင်ငံက လှူဒါန်းထားသော ရွက်ဖျင်တဲ၌ နေထိုင်ရသည့် အတွေ့အကြုံကို မျှဝေခဲ့သည်။ “ကျွန်မတို့က အပေါ်မှာ ဟာလာဟင်းလင်းဖြစ်နေတဲ့ လမ်းဘေးမှာနေရတဲ့ အခြေအနေကို အသားကျနေရတယ်” ဟု ၎င်းက ပြန်လည်အောက်မေ့ပြောပြခဲ့သည်။ “အခုတော့ ရွက်ဖျင်တဲတွေ၊ ကုတင်တွေနဲ့ မီးတွေလည်း ရှိနေပါပြီ။ လှူဒါန်းပေးတဲ့ အလှူရှင်တွေကို ကျွန်မ တကယ်ကို ကျေးဇူးတင်ပါတယ်” ဟု ဒေါ်အေးအေးချစ်က ဆိုသည်။
အလားတူပင် အသက် ၄၆ နှစ်အရွယ် ဦးလှအောင်ကလည်း ထိုနေရာအနီး၌ ဇနီးသည်၊ သားနှစ်ဦးနှင့်အတူ နေထိုင်သူ ဖြစ်သည်။ တရုတ်ကျန်းမာရေးအဖွဲ့တွေ ရောက်လာကာ ၎င်းတို့အား ကျန်းမာရေးစစ်ဆေးပေးကြောင်း ၎င်းက ပြောပြခဲ့သည်။
တရုတ်နိုင်ငံက လှူဒါန်းသော ရွက်ဖျင်တဲများဖြင့် ငလျင်ကယ်ဆယ်ရေးစခန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန မန္တလေးခရိုင် တိုးချဲ့/ကူးစက်အဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာ ဝင်းလှိုင်ဖြိုးက အဆိုပါ ယာယီ ငလျင်ကယ်ဆယ်ရေးစခန်းများက အသက်ရှင်ကျန်ရစ်သူများအတွက် ကြီးမားသော အထောက်အပံ့တစ်ခုဖြစ်သည်ဟု ဆိုသည်။
“သူတို့က ယာယီရွက်ဖျင်တဲတွေ၊ ရေချိုးခန်းတွေ၊ သန့်စင်ခန်းတွေနဲ့ အညစ်အကြေးစွန့်ပစ်စနစ်တွေ ထောက်ပံ့ကူညီပေးထားပါတယ်။ ဒီလိုကူညီပံ့ပိုးပေးမှုတွေ အလွန်ပဲ ထိရောက်မှုရှိတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
“ကမ္ဘာမှာ နည်းပညာပိုင်းနဲ့ ဆေးပညာပိုင်းမှာ ဦးဆောင်နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက ကျွန်တော်တို့ကို အခုလိုလာရောက်ကူညီပေးတာ တကယ့်ကို အားတက်ရပါတယ်” ဟု ဒေါက်တာ ဝင်းလှိုင်ဖြိုးက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

မြန်မာနိုင်ငံ မန္တလေးမြို့ရှိ ငလျင်ဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် တရုတ်နိုင်ငံက လှူဒါန်းထားသော ရွက်ဖျင်တဲများကို ၂၀၂၅ ခုနှစ် မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)