မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် တရုတ်နိုင်ငံက လှူဒါန်းထားသော ရွက်ဖျင်တဲအတွင်း ငလျင်ဒဏ်သင့်ပြည်သူများကို ၂၀၂၅ ခုနှစ် မေ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပြည်သူ့ကျန်းမာရေးအဖွဲ့က လာရောက်ကာ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သလို အိမ်တွင်းသုံး ရေအိုးများတွင် ရောဂါပိုးသတ်ဆေးများထည့်ပေးခဲ့ကြပြီး အစားအစာများ ပြင်ဆင်ရာတွင်လည်း ဘေးကင်းမှုရှိမရှိ စစ်ဆေးကြည့်ရှုပေးခဲ့ကြသည်ဟု တရုတ်နိုင်ငံမှ လှူဒါန်းထားသော ရွက်ဖျင်တဲအပြင်ဘက်တွင် ထိုင်လျက် အသက် ၃၅ နှစ်အရွယ် မညိုညိုလွင်က ဆိုသည်။
“သူတို့ကို သိပ်ကျေးဇူးတင်ပါတယ်” ဟု မညိုညိုလွင်က ပြောခဲ့သည်။ “ကျွန်မအမျိုးသားနဲ့ ကျွန်မက အခုထိ အလုပ်ပြန်မလုပ်နိုင်သေးဘူး။ သူလုပ်နေတဲ့ ကျောက်ပန်းပုလုပ်ငန်းက ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားပြီလေ”
ယခုဆိုလျှင် ၎င်းတို့မိသားစုသည် အသက် ၈၀ ကျော် သက်ကြီးရွယ်အိုဆွေမျိုးများနှင့်အတူ နေထိုင်ကြရသည်။ “အခုက အလှူရှင်တွေကိုပဲ အားကိုးမှီခိုနေရတာ၊ ရွက်ဖျင်တဲတွေ၊ ဖျာတွေ၊ ခြင်ထောင်တွေ၊ စောင်တွေ၊ ဆိုလာမီးအိမ်တွေ၊ ရေရော အစားအစာတွေရောပေါ့။ ဒီငလျင်ကတော့ ကျွန်မကြုံဖူးသမျှထဲမှာ အဆိုးဝါးဆုံးပါပဲ” ဟု ၎င်းက ဖြည့်စွက်ပြောပြခဲ့သည်။
မညိုညိုလွင်ကဲ့သို့ပင် မြန်မာနိုင်ငံ မန္တလေးမြို့ရှိ အိမ်ထောင်စု ထောင်ပေါင်းများစွာမှာ သဘာဝဘေးအန္တရာယ်များ၏ ခြိမ်းခြောက်မှုများကြားမှ ၎င်းတို့၏ နေရပ်ဌာနေများ ပြန်လည်တည်ဆောက်ရေးအတွက် ရုန်းကန်နေကြရသည်။ ဧပြီ ၂၀ ရက်မှစ၍ အဖွဲ့ဝင် ၅၀ ပါဝင်သော တရုတ်နိုင်ငံ ပြည်သူ့ကျန်းမာရေးအဖွဲ့သည် မတ် ၂၈ ရက်က မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော အင်အား ၇.၉ မဂ္ဂနီကျုအဆင့်ရှိ အင်အားပြင်း မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် ရောဂါဖြစ်ပွားမှုများကို ကာကွယ်ရန် ယင်းဒေသ၌ အချိန်နှင့် တစ်ပြေးညီ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ အဖွဲ့သည် ယာယီဓာတ်ခွဲခန်းများ တည်ဆောက်ကာ ရေစမ်းသပ်ပေးခြင်း၊ အကူအညီပစ္စည်းများ ဖြန့်ဖြူးပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံရေးလမ်းညွှန်မှုပေးခြင်း လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့သည် ရက်ပေါင်း ၂၀ ကျော် ဆက်တိုက် တက်တက်ကြွကြွလုပ်ငန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ထို့ထက်ပို၍လည်း နေထိုင်လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
“ကျွန်တော်တို့က လေးလွှာမှာနေတာပါ။ ငလျင်စလှုပ်တဲ့အချိန်မှာ ကျွန်တော် မတ်တတ်ရပ်ဖို့ ကြိုးစားပေမဲ့လည်း လဲကျသွားပြီး ကုတင်နဲ့ခေါင်းနဲ့တိုက်မိပြီးတော့ ဒဏ်ရာရသွားတယ်” ဟု နောက်ထပ် ငလျင်ဒဏ်သင့်ပြည်သူတစ်ဦးဖြစ်သော အသက် ၇၈ နှစ်အရွယ် ဦးအောင်လွင်က ပြောခဲ့သည်။
ဦးအောင်လွင်၏ ဇနီး ဒေါ်အေးက “ကျွန်မတို့နေတဲ့နေရာကို တရုတ်ကြက်ခြေနီအသင်း ရောက်လာပြီးတော့ ပိုးသတ်ဆေးဖျန်းပေးတယ်။ ဒီမှာ ကျွန်မတို့လိုအပ်တာတွေကို အလှူရှင်တွေက ပေးကြပါတယ်။ အလှူရှင်တွေကို ကျေးဇူးတင်ပါတယ်” ဟု ဆိုသည်။
အသက် ၅၅ နှစ်အရွယ် ကိုကျော်လွင်ကလည်း တရုတ်နိုင်ငံက လှူဒါန်းထားသော ရွက်ဖျင်တဲတစ်ခုတွင် မိသားစုဝင် သုံးဦးနှင့်အတူ နေထိုင်လျက်ရှိသည်။ “ကျွန်တော်တို့ တိုက်ခန်းက အခု နေဖို့စိတ်မချရတော့ဘူး။ တရုတ်အလှူရှင်တွေ ရောက်လာပြီးတော့ ရေတွေကို ပြုပြင်ပေးတယ်။ ပြီးတော့ ကာကွယ်ဆေးထိုးဖို့ ကျန်းမာရေးစင်တာတွေဆီသွားဖို့လည်း အကြံပေးတယ်” ဟု ၎င်းက ဆိုသည်။
“ဒီလိုငလျင်မျိုးကို ဘယ်တုန်းကမှ မကြုံခဲ့ဖူးဘူး။ လှူဒါန်းထားတာတွေက ကျွန်တော်တို့ အလိုအပ်ဆုံးအရာတွေအတွက် အထောက်အကူဖြစ်စေပါတယ်။ ဒါပေမဲ့ ဒီယာယီစခန်းတွေကနေ ထွက်သွားရင် ဘယ်ကိုသွားရမလဲဆိုတာကိုတော့ တွေးပူမိနေတယ်။ ကျွန်တော်တို့ ကလေးတွေကိုရော ကျောင်းပြန်ထားပေးနိုင်ပါဦးမလားဆိုတာရောပေါ့” ကိုကျော်လွင်က ပြောခဲ့သည်။
တရားဝင် အချက်အလက်များအရ မေ ၉ ရက်အထိ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် လူ ၃,၈၀၀ ခန့် သေဆုံးပြီး ၅,၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ၁၀၀ ခန့် ပျောက်ဆုံးနေကြောင်း သိရသည်။
တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအား ကူညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်နှင့် တရုတ်နိုင်ငံ အမျိုးသား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဦးစီးဌာန၏ အရေးပေါ်တုံ့ပြန်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ချန်လေက ယခုမစ်ရှင်သည် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် အရေးပေါ် လူသားချင်းစာနာမှု သဘာဝဘေး ကူညီကယ်ဆယ်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့အဖွဲ့က နှစ်နိုင်ငံကြား ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါတဲ့ပြယုဂ်လည်းဖြစ်ပါတယ်” ဟု ချန်က ဆိုသည်။
“ကျန်းမာရေးနဲ့ ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းခွင်မှာ တိုက်ရိုက်ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ သဘာဝဘေးဒဏ်အလွန် ကျန်းမာရေးနဲ့ ကူးစက်ရောဂါကာကွယ်ရေး အတွေ့အကြုံတွေ၊ လက်တွေ့လုပ်ဆောင်မှုတွေကို မြန်မာနိုင်ငံဆီ လွှဲပြောင်းမျှဝေပေးနေပါတယ်။ ပြီးတော့ သဘာဝဘေးဒဏ်အလွန် ကူးစက်ရောဂါကာကွယ်ရေးနည်းပညာဖြေရှင်းမှုတွေကို အချိန်မီ ပံ့ပိုးပေးသလို ဓာတ်ခွဲစမ်းသပ်မှုတွေ၊ ပတ်ဝန်းကျင် ပိုးသတ်ဆေးဖျန်းတာတွေနဲ့ သဘာဝဘေးဒဏ်အလွန် ကူးစက်ရောဂါကာကွယ်ရေး စတာတွေအပါအဝင် နည်းပညာပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေကိုလည်း ထိထိရောက်ရောက်ဆောင်ရွက်ပေးနေပြီး မြန်မာနိုင်ငံအနေနဲ့ အရေးပေါ်ပြည်သူ့ကျန်းမာရေး တုံ့ပြန်နိုင်မှုစွမ်းရည် တိုးတက်မှုရှိခဲ့သလို ဒေသတွင်း ပြည်သူ့ကျန်းမာရေးလုံခြုံစိတ်ချမှုအတွက်လည်း အခိုင်အမာ ကာကွယ်ရေးလိုင်းတစ်ခုကို ထူထောင်ပေးနိုင်ခဲ့ပါတယ်” ဟု ယူနန်ပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ လက်ထောက်ညွှန်ကြားရေးမှူး ကျောက်စွတ်ဝန်က ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာရှိ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး အင်စတီကျု၏ လက်ထောက်ညွှန်ကြားရေးမှူး ကျန်းပိခဲက ၎င်းအဖွဲ့အနေဖြင့် မန္တလေးမြို့ရှိ သဘာဝဘေးဒဏ် အဓိကခံစားခဲ့ရသော နေရာများသို့ သုံးကြိမ်သွားရောက်ကြည့်ရှုလေ့လာခဲ့သည်ဟု ဆိုသည်။
၎င်းတို့အဖွဲ့သည် ရောဂါသယ်ဆောင်သည့်ပိုးမွှားများထိန်းချုပ်ရေး၊ ပတ်ဝန်းကျင်ပိုးသတ်ဆေးဖျန်းခြင်း၊ ကျန်းမာရေးအသိပညာပေးရေး၊ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးပံ့ပိုးပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံရေး လမ်းညွှန်မှုပေးခြင်း စသည်တို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၎င်းတို့အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ သဘာဝဘေးဒဏ်အလွန် ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှုကို အထောက်အကူပြုရေးအတွက် နည်းပညာပိုင်းဆိုင်ရာစာရွက်စာတမ်း ၁၂ စုံအား ဖော်ဆောင်ရန် ဒေသဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းများနှင့်အတူ နီးကပ်စွာဆောင်ရွက်လျက်ရှိကာ ဒေသဆိုင်ရာ ကျန်းမာရေးပညာရှင် ၆၇ ဦးအား လေ့ကျင့်ပေးခဲ့ကြောင်း၊ ဒေသခံ ရပ်ရွာအဖွဲ့အစည်းများနှင့် တရုတ်ကုမ္ပဏီများထံ ရေအရည်အသွေးစမ်းသပ်မှုနှင့် စိတ်ပိုင်းဆိုင်ရာ အကူအညီ စသဖြင့် အားဖြည့်ကူညီမှုများကိုလည်း ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ကျန်းပိခဲက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
မြန်မာနိုင်ငံ မန္တလေးမြို့ရှိ ငလျင်ကယ်ဆယ်ရေးစခန်းတစ်ခုသို့ သွားရောက်လေ့လာနေသော တရုတ်နိုင်ငံ ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့၊ အဖွဲ့ဝင်များကို ၂၀၂၅ ခုနှစ် မေ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ မန္တလေးမြို့ရှိ ငလျင်ကယ်ဆယ်ရေးစခန်းတစ်ခုတွင် ရေနမူနာစုဆောင်းနေသော တရုတ်နိုင်ငံ ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့၊ အဖွဲ့ဝင်များကို ၂၀၂၅ ခုနှစ် မေ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ မန္တလေးမြို့ရှိ ငလျင်ကယ်ဆယ်ရေးစခန်းတစ်ခုတွင် တရုတ်နိုင်ငံက လှူဒါန်းထားသော ရွက်ဖျင်တဲများကို ၂၀၂၅ ခုနှစ် မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)