မြန်မာနိုင်ငံ မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့်ပြည်သူများ ပြန်လည်နေရာချထားရေးစခန်းတစ်ခုတွင် တရုတ်နိုင်ငံမှ လှူဒါန်းထားသော ငလျင်ဘေးကယ်ဆယ်ရေး ရွက်ဖျင်တဲများကို မေ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
“ကျန်းမာရေးကောင်းလား” ၊ “ကာကွယ်ဆေးထိုးပြီးပြီလား” ၊ “အစားအစာနဲ့ ရေတွေရော ပုံမှန်ရလား”
တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအား ကူညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များသည် မကြာသေးမီက မြန်မာနိုင်ငံ မန္တလေး ငလျင်ဒဏ်သင့်ပြည်သူများ ပြန်လည်နေရာချထားရေးစခန်းသို့ သွားရောက်ရာတွင် ငလျင်ဒဏ်သင့်ပြည်သူများအား ရင်းရင်းနှီးနှီး မေးမြန်းခဲ့ခြင်းဖြစ်သည်။
ယင်းသည် မြန်မာနိုင်ငံ မန္တလေးမြို့တွင်း ဘောလုံးကွင်း၌ရှိသော ငလျင်ဒဏ်သင့်ပြည်သူများ ပြန်လည်နေရာချထားရေးစခန်းတစ်ခုဖြစ်သည်။ ဒါဇင်နှင့်ချီသော အဖြူရောင် ငလျင်ဘေးကယ်ဆယ်ရေး ရွက်ဖျင်တဲများကို စိမ်းဖန့်ဖန့် ဘောလုံးကွင်းပေါ်တွင် စီစီရီရီ တည်ဆောက်ထားပြီး ရွက်ဖျင်တဲအမိုးပေါ်ရှိ “တရုတ်နိုင်ငံ ကြက်ခြေနီအသင်း” ဟူသော စာသားမှာ အလွန်သိသာထင်ရှားလှသည်။
“ကျွန်မတို့အိမ်ရဲ့ တိုင်တွေရော နံရံတွေရော အကုန်ကွဲအက်နေတာ ပြိုကျလုနီးပါးဖြစ်နေပြီ” ဟု ငလျင်ဒဏ်သင့်ပြည်သူ မနေနီခင်က ဝမ်းနည်းမှုကိုချုပ်တည်းရင်း မိမိအိမ်အခြေအနေကို ကြေကွဲစွာ ပြောပြခဲ့သည်။
“တရုတ်နိုင်ငံက ကျွန်မတို့အတွက် နေထိုင်ဖို့နေရာလေးပေးလိုက်လို့ တကယ်ကျေးဇူးတင်ပါတယ်” ဟု မနေနီခင်က ဘေးတွင်ရှိနေသော တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ကူညီပေးသည့် ငလျင်ဘေးကယ်ဆယ်ရေး ရွက်ဖျင်တဲများကို ညွှန်ပြလျက်ပြောကြားခဲ့သည်။ ၎င်းသည် ရွက်ဖျင်တဲကိုဖွင့်၍ တရုတ်နိုင်ငံမှ ကူညီပေးသည့် သံကုတင်၊ ခြုံစောင်နှင့် သောက်ရေပုံး စသည့် လူနေမှုဘဝသုံးပစ္စည်းများကို တရုတ်နိုင်ငံ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့များထံ ပြသခဲ့သည်။
လာရောက်ကြည့်ရှုပြီးနောက် ကပ်ရောဂါကာကွယ်ရေးအဖွဲ့ဝင်များက မနေနီခင်ကို ပွေ့ဖက်လျက် “ဘဝကပိုပြီးတော့ ကောင်းလာမယ်လို့ ယုံကြည်ထားပါ အားတင်းထားပါ” ဟု အားပေးစကားဆိုခဲ့သည်။ မနေနီခင်ကလည်း အဖွဲ့ဝင်များက လှမ်းပေးသောတစ်ရှူးဖြင့် မျက်ရည်များသုတ်ကာ တရုတ်လို “ရှဲ့ရှဲ့ (ကျေးဇူးတင်ပါတယ်)” ဟု ပြောခဲ့သည်။
ဘေးဘက်ရှိ ဘောလုံးကွင်းပရိသတ်စင်ထက်တွင် ပြန်လည်နေရာချထားရေးစခန်းမှ ငလျင်ဒဏ်သင့်ပြည်သူများက ငလျင်အလွန် စိတ်လှုပ်ရှားမှုခံစားချက်များပြေလျော့စေရန် တရုတ်နိုင်ငံ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့မှ စိတ်ပိုင်းဆိုင်ရာပညာရှင်နှင့်အတူ လိပ်ပြာသဏ္ဌာန် လက်နှစ်ဖက်ယှက်၍ မိမိပခုံးကို ပွေ့ဖက်ရိုက်ပုတ်မှုများ လုပ်ဆောင်လျက်ရှိသည်။
ဧရာဝတီမြစ်ကမ်းဘေး မလှမ်းမဝေးနေရာ၌ တရုတ်နိုင်ငံမှ ကူညီပေးသည့် အပြာရောင်ရွက်ဖျင်တဲများဖြင့် လမ်းတစ်လျှောက် တည်ဆောက်ထားသော ပြန်လည်နေရာချထားရေးစခန်းတစ်ခုရှိသည်။ ငလျင်ဒဏ်သင့်သော မဇာဇာတို့မိသားစု ၇ ဦးမှာ ထိုနေရာ၌ နေထိုင်ရသည်မှာ တစ်လနီးပါးရှိပြီဖြစ်သည်။ လက်ရှိနေထိုင်ရာနေရာသည် ဘေးကင်းလုံခြုံသည့်အပြင် မိုးဒဏ်လေဒဏ်များအတွက်လည်း ပူပန်ရန်မလိုဟု ၎င်းကဆိုခဲ့သည်။
“တရုတ်ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့တွေက ကျွန်တော်တို့စခန်းကို ပုံမှန်လာပြီး ပတ်ဝန်းကျင်ပိုးသတ်တာတွေ လုပ်ပေးတယ်။ သူတို့ကြောင့် ကျွန်တော်တို့ရဲ့ဘဝက ပိုမိုစိတ်ချလုံခြုံသလို ခံစားရပါတယ်” ဟု အသက် ၇၈ နှစ်အရွယ် ငလျင်ဒဏ်သင့်ပြည်သူ ဦးမင်းအောင်လွင်က ပြောကြားခဲ့သည်။
မတ် ၂၈ ရက်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် မေ ၉ ရက်အထိ သေဆုံးသူ ၃,၈၀၀ ခန့်၊ ဒဏ်ရာရရှိသူ ၅,၁၀၀ ကျော် ရှိပြီဖြစ်ကြောင်းသိရသည်။
တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအား ကူညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့ ပညာရှင် ကျန်းပိခဲက တရုတ်နိုင်ငံ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့သည် ဧပြီ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ငလျင်အလွန် ပထမဆုံးရောက်ရှိသော၊ လက်ရှိ မန္တလေးမြို့တွင်ရှိနေသည့် တစ်ခုတည်းသော နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရက်ပေါင်း ၂၀ ကျော်အတွင်း ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံနှင့်အတူ ငလျင်အလွန် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါကာကွယ်ရေး ပူးတွဲလုပ်ငန်းယန္တရားကို တည်ထောင်ခဲ့ပြီဖြစ်ကြောင်း၊ ငလျင်ဒဏ်သင့်ပြည်သူများ ပြန်လည်နေရာချထားရေး အဓိကစခန်း ၄ ခုအား အကြိမ်များစွာ သွားရောက် လေ့လာကြည့်ရှုမှု လုပ်ဆောင်ခဲ့ပြီး စခန်းများတွင် စစ်ဆေးခြင်း၊ ကူးစက်ရောဂါဖြစ်ပွားစေသည့် ကြားခံသတ္တဝါအား စောင့်ကြည့်ထိန်းချုပ်ခြင်း၊ ပတ်ဝန်းကျင်ပိုးသတ်ခြင်း၊ နမူနာယူ၍ စမ်းသပ်စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံရန် လမ်းညွှန်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့၏ အခြားပညာရှင်တစ်ဦးဖြစ်သူ ကျောက်စွတ်ဝန်က မိတ်ဆက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန မန္တလေးခရိုင် တိုးချဲ့/ကူးစက်အဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာဝင်းလှိုင်ဖြိုးက သတင်းထောက်၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ “တရုတ်နိုင်ငံ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့ ရောက်ရှိလာတာက ကျွန်တော်တို့ကို အလွန်စိတ်အားတက်ကြွစေပါတယ်။ သူတို့က အရမ်းကျွမ်းကျင်မှုရှိသလို တက်ကြွမှုလည်းရှိပါတယ်။ ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာလည်း စည်းစနစ်တကျရှိပြီး ရလဒ်တွေ သိသာထင်ရှားပါတယ်။ နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကိုလည်း မြှင့်တင်ပေးတယ်” ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအား ကူညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ချန်လေက ယခုအကြိမ်တာဝန်သည် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် အရေးပေါ် လူသားချင်းစာနာမှု သဘာဝဘေး ကူညီကယ်ဆယ်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့သည် ငလျင်ဒဏ်သင့်ဒေသ၌ ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံဘက်သို့ တရုတ်နိုင်ငံ၏ ငလျင်အလွန် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေး အတွေ့အကြုံနည်းလမ်းများ လက်ဆင့်ကမ်းခြင်းဖြင့် ငလျင်အလွန် ကူးစက်ရောဂါကာကွယ်ရေး နည်းပညာနည်းလမ်းများ အချိန်မီထောက်ပံ့ပေးကာ မြန်မာနိုင်ငံ၏ ရုတ်တရက်ဖြစ်ပွားသော အများပြည်သူကျန်းမာရေးကိစ္စရပ်များအား တုံ့ပြန်ရင်ဆိုင်မှုစွမ်းရည်ကို ကူညီမြှင့်တင်ပေး၍ ဒေသတွင်း အများပြည်သူကျန်းမာရေး ဘေးကင်းလုံခြုံမှုအတွက် ကာကွယ်ရေးစည်းမျဉ်း ခိုင်မာစွာ တည်ဆောက်ပေးကြောင်း ပြောကြားခဲ့သည်။ (Xinhua)
မြန်မာနိုင်ငံ မန္တလေးမြို့တွင် တရုတ်နိုင်ငံ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့ ပညာရှင်များနှင့် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးစမ်းသပ်မှုနည်းပညာအား ကူးလူးဖလှယ်နေသည်ကို မေ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ မန္တလေးမြို့တွင် တရုတ်နိုင်ငံ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူများ ပြန်လည်နေရာချထားရေးစခန်းတစ်ခုတွင် သွားရောက်လည်ပတ် စစ်ဆေးနေသည်ကို မေ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့်ပြည်သူများ ပြန်လည်နေရာချထားရေးစခန်းတစ်ခုတွင် တရုတ်နိုင်ငံမှ လှူဒါန်းထားသော ငလျင်ဘေးကယ်ဆယ်ရေး ရွက်ဖျင်တဲများကို မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ မန္တလေးမြို့တွင် တရုတ်နိုင်ငံ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူများ ပြန်လည်နေရာချထားရေးစခန်းတွင် သုံးရေ နမူနာယူနေသည်ကို မေ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့်ပြည်သူများ ပြန်လည်နေရာချထားရေးစခန်းတစ်ခုတွင် တရုတ်နိုင်ငံမှ လှူဒါန်းထားသော ငလျင်ဘေးကယ်ဆယ်ရေး ရွက်ဖျင်တဲများကို မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)