တရုတ်နိုင်ငံ နိုင်ငံတကာအရေးပေါ် ဆေးကုသရေးအဖွဲ့ (မကာအို) (အောက်ဖော်ပြပါသတင်းတွင် ဆေးကုသရေးအဖွဲ့ဟု အတိုကောက်အားဖြင့် ခေါ်ဆိုမည်) သည် မြန်မာနိုင်ငံ၌ ၁၄ ရက်ကြာ ငလျင်အလွန် အရေးပေါ် ဆေးကုသရေးလုပ်ငန်းများ လုပ်ဆောင်ပြီးစီး၍ မေ ၉ ရက်တွင် မကာအိုသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။မြန်မာနိုင်ငံ၌ ရောက်ရှိနေစဉ်အတွင်း ဆေးကုသရေးအဖွဲ့သည် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ မြန်မာဌာနေကိုယ်စားလှယ်ရုံး စသည့် အဖွဲ့အစည်းများနှင့် လုပ်ငန်းဆိုင်ရာ ဆွေးနွေးမှုများ အကြိမ်များစွာလုပ်ဆောင်ခဲ့ပြီး ငလျင်ဒဏ်သင့်ဒေသ ကုသကယ်ဆယ်ရေး၊ အများပြည်သူ ကျန်းမာရေးအတွက် ရင်ဆိုင်ဖြေရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတို့နှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာ ကူးလူးဖလှယ်ခဲ့သည်။
တရုတ်နိုင်ငံ နိုင်ငံတကာအရေးပေါ် ဆေးကုသရေးအဖွဲ့ (မကာအို) အဖွဲ့ဝင်များ မကာအို အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၉ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)
ထို့ပြင် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော ငလျင်ဘေးကယ်ဆယ်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပါဝင်တက်ရောက်ပြီး နိုင်ငံများစွာမှ အရေးပေါ် ဆေးကုသရေးအဖွဲ့များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ ငလျင်အလွန်ရင်ဆိုင်ဖြေရှင်းရေး နည်းလမ်းဗျူဟာများကို အတူဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ဆေးကုသရေးအဖွဲ့အား ကျေးဇူးတင်ရှိကြောင်းစာလွှာ ချီးမြှင့်ခဲ့ပြီး ၎င်းတို့၏ တရုတ်-မြန်မာ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာတွင် တက်ကြွစွာ အကျိုးဆောင်ပေးမှုကို အပြည့်အဝ အသိအမှတ်ပြုခဲ့သည်။
တရုတ်နိုင်ငံ နိုင်ငံတကာအရေးပေါ် ဆေးကုသရေးအဖွဲ့ (မကာအို) သည် WHO ၏ ဖိတ်ကြားချက်အရ ဧပြီ ၂၄ ရက်တွင် ငလျင်ဒဏ်သင့်ဒေသသို့ သွားရောက်၍ ငလျင်အလွန် အရေးပေါ် ဆေးကုသရေးဆိုင်ရာ ညှိနှိုင်းလုပ်ဆောင်မှုနှင့် နည်းပညာပံ့ပိုးမှုလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။
တရုတ်နိုင်ငံ နိုင်ငံတကာ အရေးပေါ်ဆေးကုသရေးအဖွဲ့ (မကာအို) သည် ၂၀၁၉ ခုနှစ်တွင် WHO ၏ နိုင်ငံတကာ အရေးပေါ်ဆေးကုသရေးအဖွဲ့အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပြီး ၂၀၂၀ ပြည့်နှစ်တွင် အတူလိုက်ပါ လှုပ်ရှားသောအဖွဲ့ပုံစံဖြင့် တရုတ်နိုင်ငံ နိုင်ငံတော် အရေးပေါ်ဆေးကုသရေးနှင့် ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ အယ်လ်ဂျီးရီးယားနှင့် ဆူဒန်နိုင်ငံသို့ သွားရောက်ကာ ကပ်ရောဂါတိုက်ဖျက်ရေးတာဝန်များ ထမ်းဆောင်ခဲ့သည်။ (Xinhua)