မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်ဒေသတွင် တရုတ်နိုင်ငံ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့က ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်

Xinhua, May 15, 2025
Size:

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအား ကူညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံ၏ ငလျင်ဒဏ် ပြင်းထန်စွာ ခံစားရသော ဒေသဖြစ်သည့် မန္တလေးမြို့၌ ရက်ပေါင်းများစွာဆက်တိုက် လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့သည် မေ ၉ ရက်တွင် အဖွဲ့ခွဲ့၍ မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့်ပြည်သူများ ပြန်လည်နေရာချထားရေးစခန်းများစွာသို့ သွားရောက်ကာ ရေနမူနာစုဆောင်းစစ်ဆေးခြင်း၊ ခြင်ကြောင့် ကူးစက်သောရောဂါအတွက် စောင့်ကြည့်စစ်ဆေးခြင်း၊ ပတ်ဝန်းကျင်ပိုးသတ်ပေးခြင်း၊ ကာကွယ်ဆေးထိုးနှံရန် လမ်းညွှန်ပေးခြင်း၊ ငလျင်အလွန် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ဆွေးနွေးညှိနှိုင်းပေးခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။

ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့သည် ထိုနေ့တွင် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးကဏ္ဍ ကျွမ်းကျင်ပညာရှင်များနှင့် ကူးလူးဖလှယ်ခဲ့ပြီး မြန်မာဘက်ဝန်ထမ်းများအား ဓာတ်ခွဲစမ်းသပ်ခန်း နည်းပညာစွမ်းရည် လေ့ကျင့်ပေးမှုများ လုပ်ဆောင်ခဲ့သည်။

ယေဘုယျအားဖြင့် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ငလျင်အလွန် ကူးစက်ရောဂါများ ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်သည့် အန္တရာယ်သည် သိသိသာသာတိုးပွားလာကြောင်း၊ ငလျင်ဒဏ်သင့်ဒေသ သောက်သုံးရေနှင့် စားသောက်ကုန် စသည်တို့အား ကျန်းမာရေးဆိုင်ရာ စစ်ဆေးစမ်းသပ်မှု၊ လူနာနှင့် ပတ်ဝန်းကျင် စသည်တို့အား ရောဂါဗေဒဆိုင်ရာ စစ်ဆေးစမ်းသပ်မှုသည်လည်း အလွန်အရေးကြီးကြောင်း ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့ ပညာရှင်၊ ယူနန်ပြည်နယ် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ ဒုတိယဌာနမှူး ကျောက်စွတ်ဝန်က မြန်မာဘက်မှ လူပုဂ္ဂိုလ်များနှင့် ဖလှယ်ပြီးနောက် ပြောကြားခဲ့သည်။

ယခုအကြိမ် ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့က ဓာတ်ခွဲစမ်းသပ်ခန်း စမ်းသပ်ရေးစက်ပစ္စည်းနှင့် ဓာတ်ခွဲပစ္စည်း စသည့်သုံးစွဲရမည့်ပစ္စည်းများကို သယ်ဆောင်လာသဖြင့် မြန်မာနိုင်ငံ၌ စစ်ဆေးစမ်းသပ်မှု အမျိုးအစား ၈၀ နီးပါးလုပ်ဆောင်နိုင်ကြောင်း သိရသည်။

ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့သည် ငလျင်ဒဏ်သင့်ပြည်သူများအား စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှု လုပ်ဆောင်ပေးသည့် တစ်ချိန်တည်းတွင် နောက်ဆက်တွဲလုပ်ငန်းများ စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်ရေးအား အာမခံနိုင်ရန် ဒေသတွင်းစေတနာ့ဝန်ထမ်းများကိုလည်း စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးပေးရေး နည်းပညာစွမ်းရည် လေ့ကျင့်မှုများလည်း လုပ်ဆောင်ပေးကြောင်း ဆင်ဟွာသတင်းထောက်က သိရသည်။


ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ၅၀ ဦးသည် ကျန်းမာရေးဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေး ထောက်ကူပစ္စည်းနှင့် စက်ပစ္စည်းများ သယ်ဆောင်၍ ဧပြီ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဒေသတွင်း၌ ငလျင်အလွန် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများ ကူညီလုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)