မေလ ၇ ရက်နေ့ညက China Media Group (CGTN) နဲ့ ဝူဟန့်မြို့ ပါတီကော်မတီ ပြန်ကြားရေးဌာနတို့အတူ ဗီယက်နမ်သံအမတ်ကြီး၊ နီပေါသံအမတ်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံး ဒုတိယတာဝန်ခံ အပါအဝင် နိုင်ငံငါးနိုင်ငံမှ တရုတ်နိုင်ငံအခြေစိုက် သံတမန်များ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ လာအို၊ တူရကီ စတဲ့နိုင်ငံများမှ အထင်ကရမီဒီယာသတင်းထောက် ၂၀ဦးကို ဖိတ်ကြားခဲ့ပြီး ဝူဟန့်မြို့မှာ ၂၀၂၅ ခုနှစ် “Walk in China” ပြည်တွင်းပြည်ပမီဒီယာများ ပူးတွဲသတင်းယူမှုအစီအစဉ်ကို အတူတကွ ကျင်းပခဲ့ပါတယ်။
လာမယ့်သီတင်းပတ်အတွင်းမှာ နိုင်ငံခြား သံတမန်များနဲ့ ပြည်တွင်းပြည်ပ သတင်းထောက်များ ပါဝင်တဲ့ အဖွဲ့ဟာ သိပ္ပံနဲ့နည်းပညာ ဆန်းသစ်တီထွင်မှု၊ ဂေဟစနစ်၊ ယဉ်ကျေးမှုနဲ့ခရီးသွားလာရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ ဝူဟန့်မြို့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိကနယ်ပယ်များကို ဦးတည်ပြီး “Walk in China - ဝူဟန့်မြို့ကိုလေ့လာခြင်း” အစီအစဉ်များကို ပူးတွဲထုတ်လုပ်မှာ ဖြစ်ပါတယ်။ China Media Group (CGTN) ရဲ့ ပလက်ဖောင်းအသီးသီးနဲ့ ပြည်ပမီဒီယာများမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ ဝူဟန့်မြို့ကိုနမူနာထားပြီး တရုတ်အသွင်ပုံစံခေတ်မီမှုအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ သိရှိနားလည်မှုကို ပိုမိုနက်ရှိုင်းလာအောင် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။
China Media Group ဟာ တရုတ်နိုင်ငံနဲ့ နိုင်ငံအသီးသီးအကြား လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် ပြည်သူချင်း စိတ်ချင်းဆက်နွယ်ရေးကို မြှင့်တင်ရန် အမြဲမပြတ် ကြိုးပမ်းအားထုတ်လျက်ရှိပါတယ်။ ယမန်နှစ်ကလည်း CMG က တရုတ်နိုင်ငံရဲ့ ပြည်နယ်၊ ဒေသ နဲ့ မြို့ ၁၁ ခုမှာ “Walk in China” ပူးတွဲသတင်းယူမှုအစီအစဉ်တွေကို ပြုလုပ်ခဲ့ပြီး အာရှနဲ့ အာဖရိက နိုင်ငံ ၂၃ နိုင်ငံမှ သတင်းမီဒီယာသမားများ၊ အွန်လိုင်းနာမည်ကျော် ပုဂ္ဂိုလ်များ နဲ့ အနုပညာရှင်များ စုစုပေါင်း တစ်ရာကျော်ကို ရှေ့ဆင့်နောက်ဆင့် ဖိတ်ကြားခဲ့ပြီး လမ်းမကြီးနဲ့လမ်းသွယ်တွေ၊ လယ်ကွင်းတွေ၊ တောတောင်နဲ့ မြက်ခင်းပြင်တွေပေါ်မှာ လမ်းလျှောက်ရင်း တရုတ်နိုင်ငံရဲ့ မြို့ပြနဲ့ကျေးလက်ဒေသတွေကို ကင်မရာရိုက်ချက်တွေနဲ့ မှတ်တမ်းတင်ရိုက်ကူးခဲ့ကြပါတယ်။