ဒေသစံတော်ချိန် မေလ ၉ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မော်စကိုမြို့၌ ဆိုဗီယက် ပြည်ထောင်စု၏ ကြီးမြတ်သည့် နိုင်ငံတော်ကာကွယ်ရေး စစ်ပွဲ အောင်ပွဲ ရရှိခဲ့သည့် နှစ် ၈၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ် အခမ်းအနား တက်ရောက်စဉ် အတွင်း မြန်မာနိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့သည် အေးအတူ ပူအမျှ အပြန်အလှန် ဖေးမ ထောက်ခံကြသော ကံကြမ္မာတူ အသိုက်အဝန်း ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံက ကိုယ့်ပြည်တွင်း အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေး လမ်းကြောင်း အတိုင်း လျှောက်လှမ်းပြီး ပြည်တွင်း နိုင်ငံရေး အစီအစဉ်များကို မှန်မှန် တွန်းအားပေး ဆောင်ရွက်ခြင်းကို တရုတ်နိုင်ငံက ထောက်ခံပါကြောင်း၊ နှစ်နိုင်ငံတို့သည် မဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး တရုတ်နှင့် မြန်မာ စီးပွားရေး စင်္ကြံ အဓိက စီမံကိန်းများ တည်ဆောက်ရေးကို ဆက်တိုက် တွန်းအား ပေးရမည် ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် ကုလသမဂ္ဂကို အမြုတေအဖြစ် ထားသည့် နိုင်ငံတကာ စည်းစနစ်နှင့် နိုင်ငံတကာ ဥပဒေကို အခြေခံအဖြစ် ထားသည့် နိုင်ငံတကာ အစီအစဉ်များကို လက်တွဲ ထိန်းသိမ်း ကာကွယ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တရားမျှတသော အခွင့်အရေးနှင့် အကျိုး စီးပွားများကို ထိန်းသိမ်း ကာကွယ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံတွင် ငလျင်ဘေးအန္တရာယ် ကြုံခဲ့ရပြီးနောက် တရုတ် နိုင်ငံသည် ချက်ချင်း မြန်မာနိုင်ငံအား စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်ခဲ့ပြီး မြန်မာ နိုင်ငံအား အစောဆုံး ထောက်ပံ့ကူညီပေးကာ ဘေးကယ်ဆယ်ရေးတွင် ကူညီပေးခဲ့ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနှင့် သာအတူနာအတူ သံယောဇဉ် အစစ်ကို ပြသထားပြီး မြန်မာ ပြည်သူများ အနေဖြင့်လည်း ထာဝရ မှတ်သားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေနှင့် တရုတ်နိုင်ငံမှ ဖော်ပြထားသည့် ကမ္ဘာ့လုံးဆိုင်ရာ အဆိုပြုချက် သုံးရပ်နှင့် အိမ်နီးနားချင်းနိုင်ငံများနှင့် ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲ တည်ဆောက်ရန် အယူအဆကို မြင့်မားစွာ တန်ဖိုးထား ချီးကျူးပြီး တရုတ်နိုင်ငံနှင့် လက်တွဲပြီး ဘုံစိန်ခေါ်မှုများကို အတူ ရင်ဆိုင်ဖြေရှင်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။