တရုတ်နိုင်ငံ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များက မြန်မာနိုင်ငံ မန္တလေးမြို့ အမှတ်(၁) ရေတွန်းစက်ရုံအနီးရှိ နေထိုင်သူများ၏ နေအိမ်တွင် ရေနမူနာယူနေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဧပြီ ၂၉ ရက်အထိ တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအား ကူညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံ မန္တလေးမြို့ ပြန်လည်နေရာချထားရေးနေရာ ၄ ခု အပေါ် ပထမအကြိမ် စစ်ဆေးသုတေသနပြုလေ့လာမှုများ လုပ်ဆောင်ပြီးခဲ့ကြောင်း သိရသည်။ ထိုသို့ လုပ်ဆောင်ရာတွင် ရောဂါကြားခံကူးစက်မှု စောင့်ကြည့်ခြင်း၊ နမူနာယူစမ်းသပ်ခြင်း၊ အန္တရာယ်သုံးသပ်အကဲဖြတ်ခြင်း စသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဘက်စုံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧပြီ ၂၈ ရက်တွင် ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံဘက်မှ လူပုဂ္ဂိုလ်များ၏ လိုက်ပါပေးမှုဖြင့် မန္တလေးမြို့အကြီးဆုံး ရေတွန်းစက်ရုံဖြစ်သည့် မန္တလေး အမှတ်(၁) ရေတွန်းစက်ရုံသို့ သွားရောက်၍ သုတေသနပြုခဲ့ရာ မြန်မာနိုင်ငံ အင်အားပြင်းငလျင်ကြီးအပြီး မန္တလေးမြို့၏ ရေပေးဝေမှု လက်ရှိအခြေအနေကို ထဲထဲဝင်ဝင် လေ့လာကာ ရေနမူနာယူဆောင်ပြီး ဘက်တီးရီးယား စုစုပေါင်းပါဝင်မှု အရေအတွက် (CFU) ၊ ကိုလီဖွန်ဘက်တီရီးယား (Coliform bacteria) စုစုပေါင်းပမာဏ၊ ကလိုရင်းကျန်ရှိမှု စသည့် အဏုဇီဝပိုးများနှင့် ရုပ်ပိုင်းဆိုင်ရာ ဓာတုအညွှန်းကိန်းများကို စမ်းသပ်ခဲ့ကြောင်း သိရသည်။ ဧပြီ ၂၉ ရက်တွင် တရုတ်နိုင်ငံ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့သည် ငလျင်ဘေးဒုက္ခသည်များ ပြန်လည်နေရာချထားရေးနေရာ နှစ်ခုသို့ သွားရောက်၍ နေ့စဉ်သုံးရေနှင့် ရေဆိုးနမူနာများကို ယူဆောင်ခဲ့သည်။
တရုတ်အစိုးရမှ မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးပေးသော ကျန်းမာရေးနှင့် ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်၊ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဦးစီးဌာန အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးချုပ် ချန်လေက ရေအရင်းအမြစ်ရှိ ရေ၊ နေ့စဉ်သောက်သုံးရေနှင့် ရေဆိုးများအပါအဝင် လက်ရှိအချိန်အထိ ရေနမူနာ ၁၈ ခု ရယူထားကြောင်း ပြောကြားခဲ့သည်။ ပြန်လည်နေရာချထားရေးနေရာရှိ အချို့သောက်သုံးရေတွင် အဏုဇီဝညစ်ညမ်းမှုအန္တရာယ်ရှိကြောင်း၊ ရေဆိုးနမူနာ စစ်ဆေးမှု အားလုံးတွင် ကာလဝမ်းရောဂါဖြစ်ပွားမှုကို မတွေ့ရှိရကြောင်း သိရသည်။
ဧပြီ ၂၉ ရက်တွင် တရုတ်အစိုးရမှ မြန်မာနိုင်ငံအတွက် အကူအညီပေးသည့် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံဘက်၏ လိုအပ်ချက်ကို ပေါင်းစပ်ကာ ငလျင်အလွန် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါကာကွယ်ရေး မွမ်းမံလေ့ကျင့်ရေးများ စီမံဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးကဏ္ဍ ကျွမ်းကျင်သူများအား လူဦးရေအလိုက် စုစုပေါင်း အကြိမ်ရေ ၁၂၀ ကြိမ် မွမ်းမံလေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ မွမ်းမံလေ့ကျင့်ပေးရာတွင် ပြန်လည်နေရာချထားရေးနေရာ၏ ပြည်သူ့ကျန်းမာရေးအန္တရာယ် အကဲဖြတ်ခြင်း၊ ငလျင်အလွန် ကူးစက်ရောဂါ ကပ်ရောဂါအသွင်ဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးစီမံခြင်း၊ အရေးပေါ် ကူးစက်ရောဂါ စောင့်ကြည့်ခြင်း၊ ငလျင်အလွန် ကြိုတင်ကာကွယ်ရေး ပိုးသတ်ခြင်း၊ ငလျင်အလွန် ရောဂါကူးစက်မှုကြားခံအား ဇီဝဗေဒဆိုင်ရာ စောင့်ကြည့်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။ ဆက်လက်ပြီး တရုတ်နိုင်ငံ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံနှင့်အတူ ပူးတွဲ၍ ပြန်လည်နေရာချထားရေး နေရာများ၌ ကြိုတင်ကာကွယ်မှု ပိုးသတ်ခြင်း၊ ငလျင်အလွန် စိတ်ပိုင်းဆိုင်ရာ ကုစားခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)