တရုတ်နိုင်ငံ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့က မန္တလေးမြို့သို့ ရောက်ရှိလာသည့် တစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့ ဖြစ်ကြောင်း မြန်မာနိုင်ငံ အရာရှိ ပြောကြား

Xinhua, May 6, 2025
Size:

မြန်မာနိုင်ငံ မန္တလေးမြို့ရှိ ပြန်လည်နေရာချထားရေးနေရာတွင် နေထိုင်သူများနှင့် တရုတ်နိုင်ငံ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့ဝင်များ ဆွေးနွေးဖလှယ်နေသည်ကို ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံ မန္တလေးငလျင်ကြီးပြီးနောက် မန္တလေးမြို့သို့ ရောက်ရှိလာသည့် တစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အခိုင်အမာပံ့ပိုးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က တရုတ်အစိုးရမှ မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးပေးသော ကျန်းမာရေးနှင့် ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့နှင့် မကြာသေးမီရက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဦးမျိုးအောင်က မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီးရှိ ခရိုင် ၇ ခု၊ မြို့နယ် ၁၉ ခုမှာ ပြင်းထန်စွာပျက်စီးခဲ့ရရာ ၎င်းအနေဖြင့် တရုတ်နိုင်ငံ၏ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့မှ ယင်းဒေသတွင်း ဆောင်ရွက်နေသော ဓာတ်ခွဲခန်းစစ်ဆေးမှု၊ ရောဂါသယ်ဆောင်သော ပိုးမွှားများ စောင့်ကြည့်လေ့လာမှု၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ဓာတ်ခွဲစစ်ဆေးမှု၊ သောက်သုံးရေသန့်ရှင်းမှု၊ ရောဂါသယ်ဆောင်သော ပိုးမွှားများ ထိန်းချုပ်မှုနှင့် ပတ်ဝန်းကျင် ပိုးသတ်မှု စသည့် လုပ်ငန်းများအပေါ် ထောက်ခံအားပေးကြောင်းနှင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး နက်ရှိုင်းသော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုရှိကြကြောင်း၊ တရုတ်နိုင်ငံသည် ငလျင်အပြီး ကျန်းမာရေးနှင့် ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းကဏ္ဍတွင် လက်တွေ့အတွေ့အကြုံများ ကြွယ်ဝမှုရှိရာ မြန်မာနိုင်ငံနှင့်အတူ “ကပ်ဘေးကြီးအလွန် ပြင်းထန်သော ကပ်ရောဂါ မဖြစ်ပွားရေး” ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်ရန် ဆန္ဒရှိကြောင်း တရုတ်အစိုးရမှ မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးပေးသော ကျန်းမာရေးနှင့် ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့ခေါင်းဆောင်၊ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗျူရို အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးချုပ် ချန်လေက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးပေးသော ကျန်းမာရေးနှင့် ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံမှ သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့်အတူ ဧပြီ ၂၄ ရက်နှင့် ၂၅ ရက်တွင် မန္တလေးတိုင်းဒေသကြီးရှိ ပြန်လည်နေရာချထားရေး နေရာ နှစ်ခုကို သွားရောက်၍ သုတေသနပြုကာ ပြန်လည်နေရာချထားရေးနေရာများ၏ ကျန်းမာရေးနှင့် ကူးစက်ရောဂါကာကွယ်ရေး လုပ်ငန်းအခြေအနေကို ထဲထဲဝင်ဝင် လေ့လာခဲ့သည်။ ထို့နောက် ခြင် စသည့်ရောဂါသယ်ဆောင်သည့်ပိုးမွှားများ စောင့်ကြည့်လေ့လာခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီး ပြန်လည်နေရာချထားရေး နေရာများရှိ အများပြည်သူကျန်းမာရေးဆိုင်ရာ အန္တရာယ်များနှင့် လိုအပ်ချက်များကို ကနဦးအကဲဖြတ်ခြင်း ပြုလုပ်ခဲ့သည်။

တရုတ်အစိုးရမှ မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးပေးသော အဖွဲ့ဝင် ၅၀ ဦးပါဝင်သည့် ကျန်းမာရေးနှင့် ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့တစ်ဖွဲ့သည် ကျန်းမာရေးဆိုင်ရာ အရေးပေါ်သုံး ထောက်ပံ့ရေးပစ္စည်းများနှင့် ကိရိယာများ သယ်ဆောင်ကာ ထိုဒေသအတွင်း သဘာဝဘေးအလွန် ကျန်းမာရေးနှင့် ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးပေးရန် တရုတ်နိုင်ငံ ကူမင်းမြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ဧပြီ ၁၉ ရက်က လာရောက်ခဲ့ကြသည်။ ဧပြီ ၂၀ ရက်တွင် အဆိုပါ ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့သည် ရန်ကုန်မြို့မှ ငလျင်ဒဏ် အပြင်းအထန်ခံစားခဲ့ရသော မန္တလေးတိုင်းဒေသကြီးသို့ ရောက်ရှိခဲ့သည်။ (Xinhua)