တရုတ်-အာဆီယံ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်ကို ကွာလာလမ်ပူတွင် ကျင်းပ

Xinhua, April 27, 2025
Size:

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသော တရုတ်-အာဆီယံ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်၌ မိန့်ခွန်းပြောကြားနေသော မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Fadillah Yusof အား ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု စွမ်းအားသစ်များ စုစည်းခြင်း” ခေါင်းစဉ်ဖြင့် တရုတ်-အာဆီယံ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ဧပြီ ၁၁ ရက်တွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများသည် ပထဝီအနေအထားအရ နီးကပ်စွာတည်ရှိပြီး ပြည်သူများ ရင်းနှီးကာ ယဉ်ကျေးမှုအရလည်း ဆက်စပ်မှုရှိကြကြောင်း၊ ထို့ကြောင့် နှစ်ဖက်မီဒီယာနှင့် တတ်သိပညာရှင်များသည် တရုတ်- အာဆီယံ တောတောင်ရေမြေချင်း ဆက်စပ်မှု၊ အေးအတူပူအမျှမှုဆိုင်ရာ ဇာတ်လမ်းများကို အတူတကွ ကောင်းမွန်စွာ ပြောကြားပြီး ဘုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဉာဏ်ပညာနှင့် အင်အားများကို စုစည်းမြှင့်တင်သင့်ကြောင်း အဆိုပါဖိုရမ်သို့ တက်ရောက်လာကြသော ပုဂ္ဂိုလ်များက ယုံကြည်ကြသည်။
မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Fadillah Yusof က မလေးရှားနိုင်ငံသည် နီးကပ်သော အာဆီယံ- တရုတ် ဆက်ဆံရေး တည်ဆောက်ရန် ကြိုးပမ်းတွန်းအားပေးလျက်ရှိပြီး ယင်းက ဒေသတွင်း တည်ငြိမ်မှုကို မြှင့်တင်ရေးနှင့် ကမ္ဘာ့စီးပွားရေး ခံနိုင်ရည်အားကို ထိန်းသိမ်းရေးအတွက် အထောက်အကူပြုကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ကမ္ဘာ့စီးပွားရေးသည် မတည်ငြိမ်မှုနှင့် ရင်ဆိုင်နေရသလို ကမ္ဘာကြီးကလည်း ပထဝီဝင်နိုင်ငံရေးအပြောင်းအလဲနှင့် တွေ့ကြုံနေရသော လက်ရှိခေတ်ကာလတွင် မီဒီယာနှင့် တတ်သိပညာရှင်များက အမြင်အယူအဆကွဲလွဲမှုများကို ပေါင်းကူးပေးခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ကိုးကားချက်များ ပံ့ပိုးပေးခြင်းနှင့် ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးခြင်းတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ မလေးရှားနိုင်ငံအနေဖြင့် ယခုအကြိမ် ဖိုရမ်က မီဒီယာနှင့် တတ်သိပညာရှင်များအကြား ဖလှယ်ရေးအတွက် အဖိုးတန်သော ပလက်ဖောင်းတစ်ခု တည်ဆောက်ပေးခြင်းကို အထူးတန်ဖိုးထား ချီးကျူးကြောင်း၊ အာဆီယံ- တရုတ် ဆက်ဆံရေး အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ ဒေသတွင်း သာယာဝပြောမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ရန် ဘက်အသီးသီးနှင့်အတူ ကြိုးပမ်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆင်ဟွာသတင်းအေဂျင်စီ အယ်ဒီတာချုပ် လွီရန်ဆုန်းက သမ္မတ ရှီကျင့်ဖိန် ပြောကြားသည့် “ဆွေမျိုးက အခြားဆွေမျိုးအား ကောင်းစားစေလို၊ အိမ်နီးချင်းက အခြားအိမ်နီးချင်းအား ကောင်းစားစေလို” ဟူသောစကားအတိုင်း တရုတ်နှင့် အာဆီယံ လက်တွဲ ပူးပေါင်းဆောင်ရွက်ခြင်း၊ အတူတကွ လျှောက်လှမ်းခြင်းသည် နှစ်ဖက်ပြည်သူလူထု၏ ဘုံဆန္ဒဖြစ်ကြောင်း အဓိကမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ အဓိက အင်အားအဖြစ် တရုတ်နှင့် အာဆီယံဆက်ဆံရေးသည် မကြာသေးမီနှစ်များအတွင်း နှစ်ဖက်၏ နယ်ပယ်များကို ကျော်လွန်၍ နက်ရှိုင်းရှည်လျားသော အာရှတိုက်အနက်အဓိပ္ပာယ်နှင့် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုများ ဖြစ်ထွန်းလာခဲ့ကြောင်း၊ နှစ်ဖက် မီဒီယာ- သိတက်ပညာရှင်များက ပိုမိုနီးကပ်သော တရုတ်-အာဆီယံ အေးအတူပူအမျှ အသိုက်အဝန်းကို တည်ဆောက်မြှင့်တင်ရေးအတွက် စွမ်းအားသစ်များ ဖြည့်တင်းသွားရန်အတွက် ငြိမ်းချမ်းသော၊ အေးချမ်းသော၊ သာယာဝပြောသော၊ လှပသော၊ ချစ်ကြည်ရင်းနှီးသော မိသားစုဥယျာဉ် အတူတကွ တည်ဆောက်ရေး ခေတ်သစ်အသံများကို အားဖြည့်သီကျူးနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံအမတ်ကြီး အိုးယန်ယွီကျင့်က လက်ရှိ နိုင်ငံတကာအခြေအနေသည် ပြောင်းလဲရှုပ်ထွေးနေကာ သမ္မတရှီကျင့်ဖိန် အဆိုပြုသော လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အယူအဆများက ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု တုံ့ပြန်ရေး၊ လူသားမျိုးနွယ်၏ သာယာလှပသော အနာဂတ် အတူတကွဖန်တီးရေးအတွက် တရုတ်နည်းလမ်းများ ပံ့ပိုးကူညီခဲ့ကြောင်း ရုပ်သံဗီဒီယိုတွင် ပြောကြားခဲ့သည်။ မီဒီယာ၊ တတ်သိပညာရှင်များအနေဖြင့် တရုတ်-မလေးရှား၊ တရုတ်- အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ဇာတ်လမ်းများကို အပြုသဘောဆောင် ပြောကြားကာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မြှင့်တင်ရေးအတွက် တက်ကြွစွာ ပံ့ပိုးကူညီရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မလေးရှား အမျိုးသားသတင်းအေဂျင်စီ (Bernama) ဥက္ကဋ္ဌ Datuk Seri Wong Chun Wai က အာဆီယံနှင့် တရုတ်တို့သည် အရောင်အသွေးစုံလင်လှပသော ယဉ်ကျေးမှုပန်းချီကားကြီးကို အတူတကွ ရေးဆွဲလျက် နှစ်ဖက် ယဉ်ကျေးမှုဖလှယ်ရေး အားကောင်းလာခြင်းသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအဖွဲ့ စည်းလုံးညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာ အဖြစ်ရပ်တည်ရာတွင် အထောက်အကူပြုပြီး နိုင်ငံအသီးသီး ဆက်သွယ်မှု၊ အပြန်အလှန် လေးစားမှု ချိတ်ဆက်မှုတို့ကို ပိုမို၍ ခိုင်မြဲစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဉာဏ်ရည်တုနည်းပညာ အသုံးပြုခြင်းဖြင့် သတင်းဖြန့်ဝေရေးစသည့် ကဏ္ဍများတွင် ပိုမိုကောင်းမွန်စွာ အထောက်အကူပြုပြီး နှစ်ဖက် မီဒီယာ၊ တတ်သိပညာရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် အလားအလာကောင်းများရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ ဖိုရမ်တွင် “တရုတ်၊ အာဆီယံ သတင်းများ အပြန်အလှန် ဖြန့်ဝေရေး အားကောင်းစေရန်”၊ “ကုန်သွယ်ရေး၊ ပညာရေး၊ အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များ မျှဝေရေး တွန်းအားပေးရန်”၊ “သတင်းအချက်အလက်ဖြန့်ဝေမှုတွင် ဘာသာစကား ဘာသာပြန်ခြင်းစသည့် ကိစ္စရပ်များကို ဖြေရှင်းရန် ဉာဏ်ရည်တုနည်းပညာ အသုံးပြုခြင်း” စသည်တို့နှင့် စပ်လျဉ်း၍ တရုတ်နှင့် အာဆီယံ မီဒီယာ၊ တတ်သိပညာရှင်များအနေဖြင့် ညှိနှိုင်းပူးပေါင်းလုပ်ဆောင်မှု အားဖြည့်ကာ နည်းပညာတော်လှန်ရေး အရှိန်အဟုန်ကို တက်ကြွစွာ ပွေ့ဖက်၍ အခွင့်အလမ်းအသစ်များ အတူမျှဝေခြင်း၊ စိန်ခေါ်မှုအသစ်များကို အတူရင်ဆိုင်ခြင်းဖြင့် ဘုံသာယာဝပြောဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးထမ်းဆောင်ကြရန် တက်ရောက်လာကြသော ပုဂ္ဂိုလ်များက အကြုံပြုခဲ့ကြသည်။
ယခုအကြိမ် ဖိုရမ်ကို ဆင်ဟွာသတင်းအေဂျင်စီနှင့် မလေးရှား အမျိုးသားသတင်းအေဂျင်စီ (Bernama) တို့မှ ပူးတွဲ ကြီးမှူးကျင်းပကာ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ မီဒီယာ၊ တတ်သိပညာရှင်၊ အစိုးရဌာနနှင့် ကုမ္ပဏီလုပ်ငန်းပေါင်း ၁၆၀ ကျော်မှ ကိုယ်စားလှယ်ပေါင်း ၂၆၀ ခန့် တက်ရောက်ခဲ့ကြသည်။ ဖိုရမ်ကျင်းပစဉ်ကာလအတွင်း “ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) နှင့် ပင်လယ်ရေကြောင်းပိုးလမ်းမမျှော်မှန်းချက် —— တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု အလားအလာအသစ်များ” တတ်သိပညာရှင် အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ (Xinhua)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသော တရုတ်-အာဆီယံ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်၌ မိန့်ခွန်းပြောကြားနေသော မလေးရှား အမျိုးသားသတင်းအေဂျင်စီ (Bernama) ဥက္ကဋ္ဌ Datuk Seri Wong Chun Wai အား ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)