တရုတ်ကယ်ဆယ်ရေးအဖွဲ့များ မြန်မာနိုင်ငံ ငလျင်ကယ်ဆယ်ရေးမစ်ရှင် ပြီးဆုံး၍ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာ

Xinhua, April 23, 2025
Size:

မြန်မာနိုင်ငံ မြို့တော်နေပြည်တော်ရှိ မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ တရုတ်ကယ်ဆယ်ရေးအဖွဲ့များအတွက် ဂုဏ်ပြုအခမ်းအနားကို ဧပြီ ၈ ရက်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (ရှေ့တန်း၊ ယာဘက် ပထမ) နှင့် တရုတ်ကယ်ဆယ်ရေးအဖွဲ့ဝင် လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ သွားရောက်၍ ငလျင်ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်သော တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့၊ တရုတ်နိုင်ငံ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့၊ တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ကယ်ဆယ်ရေးအဖွဲ့တို့သည် နိုင်ငံတကာ ကယ်ဆယ်ရေးမစ်ရှင် ပြီးမြောက်၍ ဧပြီ ၉ ရက် နံနက်ပိုင်းတွင် တရုတ်လေတပ် Y-20 လေယာဉ်လေးစင်းဖြင့် နေပြည်တော်မှ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့သည်။

မထွက်ခွာမီ မြန်မာနိုင်ငံဘက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ တရုတ်ကယ်ဆယ်ရေးအဖွဲ့များအတွက် ဂုဏ်ပြုအခမ်းအနား ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်၍ ကျေးဇူးတင်ကြောင်းစာလွှာ ပေးအပ်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံရုံးယာယီတာဝန်ခံ ချောင်ကျင့်တို့ လေဆိပ်သို့ သွားရောက်ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။ (Xinhua)