လျန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် ဖော်ဆောင်ခဲ့သော စီမံကိန်းကြောင့် မြန်မာနိုင်ငံရှိ ၀ေးလံခေါင်သီသော ဒေသများတွင် ရေသန့်သောက်သုံးနိုင်

Xinhua, April 16, 2025
Size:

နေပြည်တော်၊ လယ်ဝေးမြို့နယ် အောင်သာကျေးရွာတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေမှ ပံ့ပိုးကူညီထားသည့် ရေသိုလှောင်ကန်မှ ရေကို ရွာသားတစ်ဦးက သုံးစွဲနေမှုအား တွေ့ရစဥ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ကျေးလက်ဒေသ ရေသန့်ရရှိရေး ကြိုးပမ်းမှုတွင် လျန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် ဖော်ဆောင်ခဲ့သည့် ရေသန့်ရရှိရေးအဓိက စီမံကိန်းနှစ်ခုကြောင့် ဝေးလံခေါင်သီသော ဒေသများတွင် နေထိုင်သူ ထောင်ပေါင်းများစွာကို အကျိုးဖြစ်ထွန်းစေသည်။

အဆိုပါ စီမံချက်များသည် ၂၀၂၂ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ၂၀၂၃ ခုနှစ်တွင် ရှမ်းပြည်နယ်တို့တွင် စတင်ဆောင်ရွက်ခဲ့ပြီး လူမှုအသိုင်းအဝိုင်းများအတွက် သန့်ရှင်း ဘေးကင်းသော သောက်သုံးရေများ ရရှိနိုင်ရေး ရည်ရွယ်ဆောင်ရွက်ခဲ့သည်။

ယင်းစီမံကိန်းနှစ်ခု ပြီးစီးမှုကြောင့် လက်ရှိတွင် ကျေးရွာများသည် ပိုမိုကောင်းမွန်သော ရေသန့်ရရှိနေသည့် အကျိုးကျေးဇူးများကို ခံစားနေကြသည်။ အဆိုပါ စီမံကိန်းကို လက်ခံရရှိသည့် ဒေသများသည် မသန့်ရှင်းသော ရေနှင့် ပတ်သက်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်စရာ မလိုအပ်တော့ကြောင်း
သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိသောကြောင့် ရေအရင်းအမြစ် ပေါများသော်လည်း ဒီလှိုင်းများကြောင့် ရေကို ညစ်ညမ်းစေသဖြင့် သောက်သုံးရန် အန္တရာယ်ရှိသည်။ ယခု စီမံကိန်းကြောင့် မသန့်ရှင်းသော ရေပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပြီး ကျေးလက်နေပြည်သူများ သန့်ရှင်းပြီး စိတ်ချရသော ရေကို ရရှိစေခဲ့ကြောင်း ၎င်းက ဆိုသည်။

“ရှမ်းပြည်နယ်မှာဆိုရင်လည်း တောထဲက စိမ့်စမ်းရေကို ရွာတွေဆီပို့ဆောင်ဖို့ ပိုက်တွေ သွယ်နေပါပြီ” ဟု ၎င်းကဆိုသည်။ အဆိုပါ စီမံကိန်းများသည် ကျေးလက်နေပြည်သူများ၏ လူနေမှုဘ၀ကို သိသိသာသာ မြှင့်တင်ပေးခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

လျန်ချန်း-မဲခေါင် အထူးရန်ပုံငွေ(၂၀၂၃)ဖြင့် အကောင်အထည် ဖော်ဆောင်လျက်ရှိသည့် တောင်ပေါ်ဒေသတွင် ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါ၀င်သော စိမ့်စမ်းရေသွယ်တန်းခြင်း စီမံကိန်းကို ရှမ်းပြည်နယ်အတွင်းရှိ ညောင်ရွှေ၊ ရပ်စောက်နှင့် လွိုင်လင်မြို့နယ်ရှိ ကျေးရွာ ၃ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမင်းဦးက ပြောသည်။

အဆိုပါ စီမံကိန်းသည် အိမ်ထောင်စု ၃၆၉ စုမှ လူဦးရေ ၁,၆၂၇ ဦးကို အကျိုးပြုကြောင်း ၎င်းက ဆိုသည်။

သန့်ရှင်းသော ရေရရှိရေး အခက်အခဲ ကြုံတွေ့နေသည့် တောင်ပေါ်ဒေသများရှိ ကျေးလက်နေပြည်သူများသည် သန့်ရှင်းပြီးယုံကြည်စိတ်ချရသော ရေရရှိမည်ဖြစ်သဖြင့် ရေကြောင့်ဖြစ်ပေါ်မည့် ရောဂါများ ဖြစ်နိုင်ချေလျှော့ကျသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒုတိယ စီမံကိန်းမှာ လျန်ချန်း-မဲခေါင် အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် အကောင်အထည် ဖော်ဆောင်လျက်ရှိသည့် တောင်ပေါ်ဒေသတွင် ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါ၀င်သော စိမ့်စမ်းရေသွယ်တန်းခြင်း စီမံကိန်းကို ဧရာ၀တီတိုင်းဒေသကြီး ကျောင်းကုန်း၊ မြောင်းမြနှင့် ဒေးဒရဲမြို့နယ်များရှိ ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဦးဝင်းမင်းဦးက ဆိုသည်။

အဆိုပါ စီမံကိန်းသည် အိမ်ထောင်စု ၄၁၂ စုမှ လူဦးရေ ၁,၅၇၀ ဦးကို အကျိုးပြုကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ယင်း စီမံကိန်းတွင် ကျေးလက်နေပြည်သူများအတွက် ရေသန့်စင်ရေး စက်ရုံတည်ဆောက်ခြင်း၊ ဆိုလာစွမ်းအင်သုံး ရေစနစ်များ တပ်ဆင်ခြင်းနှင့် ရေအသုံးပြုမှု မီတာများ နှင့် ရေကန်များ တည်ဆောက်ခြင်းများကြောင့် ကျေးလက်နေပြည်သူများအတွက် ရေရရှိရေး သိသိသာသာ တိုးတက်ကောင်းမွန်လာကြောင်း ၎င်းက ဆိုသည်။

ဒေသခံများက အဆိုပါစီမံကိန်းများ၏ ကောင်းမွန်သော ပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်မှ ဦးသိန်းဇော်ဦးက ရေသန့်စီမံကိန်းနှင့် ပတ်သက်၍ လူနေမှုဘဝ ပြောင်းလဲလာပုံကို မျှဝေခဲ့သည်။ “အရင်တုန်းကတော့ ကျွန်တော်တို့ အိမ်နဲ့ဝေးတဲ့ မြစ်ကမ်းနားကို လမ်းလျှောက်သွားရတယ်။

“တချို့လူတွေက ရေကို ကိုယ်တိုင်သယ်မလာနိုင်တဲ့အတွက် လူ ငှားခိုင်းရတယ်။ အခု ကျွန်တော်တို့အိမ်မှာ ရေတိုက်ရိုက် တပ်ဆင်တဲ့အတွက် အ၀ေးကြီးသွားရတာ၊ ရေဖိုးပေးရတာ မလိုတော့ဘူး” ဟု ၎င်းက ဆိုသည်။

“ဒီပရောဂျက်မတိုင်ခင်က မြစ်ရေက ကောင်းတယ်လို့ ယုံကြည်ပေမယ့် သန့်ရှင်းတဲ့ရေကို သောက်သုံးပြီးတဲ့နောက်မှာတော့ ကွာခြားချက်ကြီးမားတာကို တွေ့ရတယ်။ ဘယ်သူမှ မြစ်ရေကို မသုံးကြတော့ဘူး” ဟု ၎င်းက ပြောသည်။

ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်မှ ဦးစိုင်းခေါင်လှက သောက်သုံးရေအခက်အခဲကို ကာလရှည်ကြာရှည်စွာ ရုန်းကန်ခဲ့ရသောကြောင့် အဆိုပါ စီမံကိန်းအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“ဒီပရောဂျက်ကြောင့် သန့်ရှင်းတဲ့ သောက်သုံးရေကို အခု သုံးစွဲနိုင်ပါပြီ။ အရည်အသွေးကောင်းတဲ့ ပိုက်လိုင်းတွေ တပ်ဆင်ပြီး ရေစစ်စနစ်နဲ့ ရေသိုလှောင်ကန်တွေ ဆောက်ပြီး ရွာမှာရှိတဲ့ အိမ်ထောင်စုတိုင်း ယုံကြည်စိတ်ချရတဲ့ ရေရရှိမှာ သေချာပါတယ်” ဟု ၎င်းက ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ ဦးချစ်ဌေးခိုင်က စီမံကိန်း၏ အကျိုးသက်ရောက်မှုကို မီးမောင်းထိုးပြခဲ့သည်။ “ဒီပရောဂျက်ရဲ့အကူအညီနဲ့ သောက်ရေသန့်ကို အခုရရှိနေပြီဖြစ်ပြီး ရေကြောင့်ဖြစ်တဲ့ရောဂါတွေကို ကာကွယ်ဖို့ အကူအညီဖြစ်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် လျန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ရေရရှိရေး ပဏာမခြေလှမ်း နှစ်ခု အပါအဝင် စီမံကိန်း ၉ ခုအတွက် ရန်ပုံငွေ ရရှိခဲ့သည်။(Xinhua)