မြန်မာနိုင်ငံ မန္တလေးမြို့တွင် ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အဆောက်အအုံတစ်လုံး ပျက်စီးသွားပုံကို ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မတ် ၂၈ ရက်က ၇.၇ မဂ္ဂနီကျုရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို အကူအညီပေးရန် အသင့်ရှိကြောင်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က မတ် ၂၉ ရက်၌ ပြောကြားခဲ့သည်။
“အာဆီယံအနေနဲ့ ငလျင်ဒဏ်သင့် မိသားစုတွေ၊ လူမှုအသိုက်အဝန်းတွေနဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိကြောင်း ထပ်လောင်းအတည်ပြုပါတယ်” ဟု အာဆီယံက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပြည်သူများအတွက် အလေးနက်ဆုံး စာနာထောက်ထားကာ နှစ်သိမ့်စကား ပြောကြားလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
လူသားချင်းစာနာမှု အကူအညီများ အရေးတကြီး လိုအပ်နေသည်ကို သိရှိပါကြောင်း၊ အာဆီယံ၏ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ ဦးစားပေးသတ်မှတ်ချက်များအပေါ် အခြေခံ၍ အာဆီယံ အရေးပေါ်အခြေအနေ တုံ့ပြန်ရေးနှင့် အကဲဖြတ်ရေးအဖွဲ့အား စေလွှတ်ခြင်း၊ အာဆီယံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးစနစ်ကို အသုံးပြုခြင်း၊ မြို့ပြ ရှာဖွေကယ်ဆယ်ရေးအတွက် အထောက်အကူပေးခြင်းတို့ ပါဝင်ကြောင်း အာဆီယံက ပြောကြားခဲ့သည်။
ထို့ပြင် လူသားချင်းစာနာမှု အကူအညီပေးရေး ကြိုးပမ်းမှုများတွင် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း အာဆီယံက ထပ်လောင်းကတိပြုခဲ့သည်။ အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းမှုဗဟိုဌာန၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအပေါ် ပံ့ပိုးမှုနှင့်အတူ အာဆီယံအနေဖြင့် ကယ်ဆယ်ရေးလုပ်ဆောင်မှုများကို ပံ့ပိုးကူညီကာ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုများ ထိရောက်၍ အချိန်မီဖြစ်စေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖျက်အားပြင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁,၀၀၂ ဦး၊ ဒဏ်ရာရသူ ၂,၃၇၆ ဦးရှိပြီး လူ ၃၀ ပျောက်ဆုံးလျက်ရှိကြောင်း မတ် ၂၉ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်ဝန်းကျင်၌ မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုစဉ် အဆိုပါ အင်အားပြင်းငလျင်ကြောင့် ထိုင်းနိုင်ငံတစ်ဝန်း ပြင်းထန်သော တုန်ခါမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် မြို့တော်ဘန်ကောက်တွင် လူကိုးဦးသေဆုံးကာ ကိုးဦးဒဏ်ရာရရှိပြီး ၁၀၁ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ထိုင်းအာဏာပိုင်များက မတ် ၂၉ ရက်၌ အတည်ပြုပြောကြားခဲ့သည်။ (Xinhua)