မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး ချောင်ကျင့်က ဧပြီ ၁ ရက်တွင် ရန်ကုန်မြို့၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့ငွေ ယွမ် ၁.၅ သန်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် ပြင်းထန်သောငလျင်ကြောင့် လူများ သေဆုံး၊ ဒဏ်ရာရမှုနှင့် ပစ္စည်းဥစ္စာများ ဆုံးရှုံးရမှုအတွက် မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများအပေါ် စိတ်ရင်းအမှန်ဖြင့် ဝမ်းနည်းနှစ်သိမ့်ကြောင်း သံမှူးကြီး ချောင်ကျင့်က ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံ အစိုးရက အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးအကူအညီအတွက် ယွမ်သန်း ၁၀၀ ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့အများအပြားကို စေလွှတ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ ကြက်ခြေနီအသင်း၏ ပံ့ပိုးကူညီမှုက တရုတ်နိုင်ငံ ပြည်သူများ၏ မြန်မာနိုင်ငံ ပြည်သူများအပေါ် နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကို ထပ်မံပြသလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဦးမျိုးညွန့်က တရုတ်နိုင်ငံ၏ အမြန်ဆုံး အရေးပေါ်လာရောက်ကူညီမှုနှင့် မြန်မာနိုင်ငံ ပြည်သူများအား ကူညီပံ့ပိုးပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် တရုတ်နိုင်ငံနှင့် အတူတကွ ကြိုးပမ်းကာ အခက်အခဲများကို ကျော်လွှားပြီး နေရပ်ဌာနေပြန်လည်တည်ဆောက်နိုင်ရေးအတွက် အားထုတ်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)