တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့က ပေကျင်းမြို့၌ စုစည်း၍ ထွက်ခွာရန် ပြင်ဆင်နေသည်ကို ၂၀၂၅ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ အစိုးရ၏တောင်းဆိုချက်အရ တရုတ်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံ၌ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့ (China Search and Rescue Team) အား စေလွှတ်ခဲ့ကြောင်း မတ် ၂၉ ရက်တွင် တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ သိရှိရသည်။ ထိုနေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့သည် Air China စင်းလုံးငှားလေယာဉ်ဖြင့် ပေကျင်း မြို့တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ငလျင်ဒဏ်သင့်ဒေသသို့ ထွက်ခွာသွားရောက်ခဲ့သည်။
မတ် ၂၈ ရက်တွင် မြန်မာနိုင်ငံ၌ ၇.၉ အဆင့်ရှိ ငလျင်ဖြစ်ပွားခဲ့ရာ ကြီးမားသော လူသေဆုံးဒဏ်ရာရရှိမှုနှင့် ပစ္စည်းဥစ္စာဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။
စုစည်းစီမံဖြန့်ကြက်မှုအရ မြန်မာနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအား အစွမ်းကုန် ညှိနှိုင်းကူညီဆောင်ရွက်ပေးရန် တရုတ်နိုင်ငံ အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီးဌာနက တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ၈၂ ဦးကို ကယ်ဆယ်ရေးပစ္စည်းများနှင့်အတူ ငလျင်ဒဏ်သင့်ဒေသသို့ စေလွှတ်ခဲ့သည်။ တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့ကို အဓိကအားဖြင့် ပေကျင်းမြို့ မီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့ချုပ်၊ တရုတ်နိုင်ငံ ငလျင် အရေးပေါ်တုံ့ပြန်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဌာန၊ အရေးပေါ်အထွေထွေဆေးရုံကြီးမှ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည်။
တရုတ်နိုင်ငံ အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်က ပေကျင်း မြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့အား လိုက်ပါပို့ဆောင်ခဲ့သည်။ အဆိုပါတာဝန်ရှိပုဂ္ဂိုလ်က အဖွဲ့ဝင်အားလုံးအနေဖြင့် လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်း အယူအဆကို အရင်းခံကာ နိုင်ငံတကာ လူသားချင်းစာနာမှု စိတ်ဓာတ်ကို ပြန့်ပွားအောင် မြှင့်တင်ရန် မျှော်လင့်ကြောင်း၊ ညွှန်ကြားချက်များကို ခိုင်မြဲစွာမှတ်သား၍ တာဝန်များ ကျေပွန်စွာ ထမ်းဆောင်ကာ သိပ္ပံနည်းကျ ကယ်ဆယ်ပြီး လုံခြုံဘေးကင်းရေးကို သတိထားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ သံမဏိကဲ့သို့ ခိုင်မြဲသောစိတ်ဓာတ်၊ ကျွမ်းကျင်မှုနှင့် ကြိုးပမ်းအနစ်နာခံမှုတို့ဖြင့် တရုတ်နိုင်ငံ၏ ကယ်ဆယ်ရေးအင်အား၏အရည်အသွေးကို ဖော်ပြကာ တရုတ်ပြည်သူများ၏ နက်ရှိုင်းလှသော ချစ်ကြည်ရင်းနှီးမှုအား လက်ဆင့်ကမ်း၍ ယခုအကြိမ် နိုင်ငံတကာ ကယ်ဆယ်ရေးတာဝန်အား အောင်မြင်စွာ ထမ်းဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့က ပေကျင်းမြို့၌ စုစည်း၍ ထွက်ခွာရန် ပြင်ဆင်နေသည်ကို ၂၀၂၅ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့က ပေကျင်းမြို့၌ စုစည်း၍ ထွက်ခွာရန် ပြင်ဆင်နေသည်ကို ၂၀၂၅ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)