မကြာသေးမီက ယူနန်တိုင်းရင်းသားလူမျိုးစုတက္ကသိုလ်မှ ၂၀၂၅ ခုနှစ် "လန်ချန်း-မဲခေါင် ရက်သတ္တပတ်" အစီအစဥ်လှုပ်ရှားမှုများ ကျင်းပရာ အလွန်မျှော်လင့်ထားသည့် "လန်ချန်း-မဲခေါင်အလုပ်ရုံ" တည်ဆောက်မှုကို အဆိုပါအခမ်းအနားအတွင်း၌ တရားဝင် စတင်ခဲ့ပါသည်။ ယင်းကြီးကျယ်သောအခမ်းအနားသို့ လန်ချန်း-မဲခေါင် အသက်မွေးဝမ်းကျောင်းပညာရေး မဟာမိတ်အဖွဲ့၏အမြဲတမ်းအုပ်ချုပ်ရေးကောင်စီဝင်အဖွဲ့အစည်းများ၊ အဖွဲ့အစည်းအသစ်ဝင်များနှင့် ယူနန်တိုင်းရင်းသားလူမျိုးစုတက္ကသိုလ်မှ သက်ဆိုင်ရာလုပ်ငန်းဌာနအကြီးအကဲများ၊ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ၏ကိုယ်စားလှယ်များက အတူတက်ရောက်ခဲ့ကြသည်။
ယူနန်တိုင်းရင်းသားလူမျိုးစုတက္ကသိုလ် ပါမောက္ခချုပ် ဝမ်ကျီလျန်က “လန်ချန်း-မဲခေါင်အလုပ်ရုံ” စတင်ခြင်းသည် ကျွန်ုပ်တို့တက္ကသိုလ်ကျောင်းအနေဖြင့် လန်ချန်း-မဲခေါင် အသက်မွေးဝမ်းကျောင်းပညာရေး ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွင် လှမ်းချီထားသော အရေးပါသည့် ခြေလှမ်းတစ်လှမ်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ လန်ချန်း-မဲခေါင် အသက်မွေးဝမ်းကျောင်းပညာရေး မဟာမိတ်အဖွဲ့၏ဥက္ကဋ္ဌအနေဖြင့် ယူနန်တိုင်းရင်းသားလူမျိုးစုတက္ကသိုလ်သည် “လန်ချန်း-မဲခေါင်အလုပ်ရုံ”၏ သိပ္ပံနည်းကျသော၊ ကောင်းစွာထိရောက်သော လည်ပတ်မှုအား အကောင်အထည်ဖော်နိုင်ရန် ဘက်ပေါင်းမှနေ၍ စီမံခန့်ခွဲပြီး အရင်းအမြစ်အားလုံးကို ပေါင်းစပ်အသုံးပြုမည်ဖြစ်ကြောင်း၊ ယူနန်ဝိသေသလက္ခဏာများဖြင့် "နိုင်ငံရပ်ခြားသွားမည့် အသက်မွေးဝမ်းကျောင်းပညာရေး"ပုံစံအသစ်ကို ဖန်တီးရန် ရည်မှန်းလျက် ဒေသတွင်း အသက်မွေးဝမ်းကျောင်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားလူမျိုးစုတက္ကသိုလ်၏အင်အားကို ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အခမ်းအနားတွင် ဝမ်ကျီလျန်သည် ကူမင်းမီးရထား အသက်မွေးဝမ်းကျောင်းနည်းပညာကောလိပ်နှင့် ယူနန်ပြည်နယ် ဒီဇိုင်းအင်စတီကျုကုမ္ပဏီအဖွဲ့အစည်း (Yunnan Design Institute Group Co., Ltd) အပါအဝင် လန်ချန်း-မဲခေါင် အသက်မွေးဝမ်းကျောင်းပညာရေး မဟာမိတ်အဖွဲ့သို့ အသစ်ပါဝင်သည့်အဖွဲ့အစည်း ၇ ခုအား အုပ်ချုပ်ရေးကောင်စီဝင်အဖွဲ့အစည်းဆိုင်းဘုတ်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ၎င်းတို့သည် မဟာမိတ်အဖွဲ့၏အင်အားကို ပိုမိုခိုင်မာစေပြီး လန်ချန်း-မဲခေါင် အသက်မွေးဝမ်းကျောင်းပညာရေး ပူးပေါင်းဆောင်ရွက်မှုသို့ အားသစ်လောင်းပေးသည်။
“လန်ချန်း-မဲခေါင်အလုပ်ရုံ” စတင်ခြင်းအခမ်းအနားအပြင် ယခုအကြိမ် “လန်ချန်း-မဲခေါင် ရက်သတ္တပတ်”တွင်လည်း အနှစ်သာရနှင့် ပြည့်စုံသော လှုပ်ရှားမှုများစွာ ပြုလုပ်ခဲ့သည်။ “ကျွမ်းကျင်ပညာရပ်+လူသုံးနည်းဘာသာစကား” လူရည်ချွန်ပျိုးထောင်ရေး ၁၀ နှစ်ပြည့် အောင်မြင်မှုများပြသပွဲသည် ထူးခြားသောလူရည်ချွန်ပျိုးထောင်ရာတွင် ယူနန်တိုင်းရင်းသားလူမျိုးစုတက္ကသိုလ် ရရှိသော များပြားသောအောင်မြင်များကို စုစည်းတင်ပြခဲ့သည်။ “လန်ချန်း-မဲခေါင် အသက်မွေးဝမ်းကျောင်းပညာရေး မဟာမိတ်အဖွဲ့ကောလိပ်နှင့် တက္ကသိုလ်များ၏ “ကျွမ်းကျင်ပညာရပ်+လူသုံးနည်းဘာသာစကား” လူရည်ချွန်ပျိုးထောင်ရေး သင်ကြားမှုဥပမာများ မျှဝေပွဲသည် ကောလိပ်နှင့် တက္ကသိုလ်များအတွက် အတွေ့အကြုံဖလှယ်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ပလက်ဖောင်းကို ပံ့ပိုးပေးသည်။ လန်ချန်း-မဲခေါင် စားကောင်းသောက်ဖွယ်များနှင့် လက်မှုအနုပညာဈေးကွက်သည် ထွေပြားစုံလင်သောယဥ်ကျေးမှုအတွေ့အကြုံအစီအစဥ်များဖြင့် ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများအား လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသရှိနိုင်ငံများ၏ ယဥ်ကျေးမှုကို ပိုမိုနားလည်သိရှိစေရန် ကူညီပေးပါသည်။