၂၀၂၅ ခုနှစ် "လန်ချန်း-မဲခေါင် ရက်သတ္တပတ်" လှုပ်ရှားမှုအစီအစဥ်နှင့် တရုတ်နိုင်ငံဆိုင်ရာ သံတမန်များ ယဉ်ကျေးမှုဖလှယ်ပွဲ ပေကျင်းမြို့တွင် ကျင်းပ

lmcchina.org, April 3, 2025
Size:

၂၀၂၅ ခုနှစ် "လန်ချန်း-မဲခေါင် ရက်သတ္တပတ်" လှုပ်ရှားမှုအစီအစဥ်နှင့် တရုတ်နိုင်ငံဆိုင်ရာ သံတမန်များ ယဉ်ကျေးမှုဖလှယ်ပွဲအခမ်းအနားကို မတ်လ ၁၉ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ တရုတ်နိုင်ငံဆိုင်ရာ သံတမန် ၂၄ ဦးအား တရုတ်အမျိုးသား ဘုံအသိုက်အဝန်း အတွေ့အကြုံခန်းမသို့ လာရောက်ကြည့်ရှုလေ့လာရန် ဖိတ်ကြားခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ၏ ရာစုနှစ်ရှည်ကြာသော အမျိုးသားရေးလုပ်ငန်းသမိုင်းကြောင်းကို နက်နက်ရှိုင်းရှိုင်း သိရှိနားလည်ပြီး အမျိုးသားလူမျိုးယဉ်ကျေးမှုဆိုင်ရာစီမံကိန်းများကို လက်တွေ့လေ့လာခံစားခဲ့ကြသည်။

အခမ်းအနားတွင် တရုတ်နိုင်ငံဆိုင်ရာ ထိုင်းသံမှူးကြီး Pan Qiuyue က လန်ချန်း-မဲခေါင်နိုင်ငံများသည် ယဥ်ကျေးမှုကဏ္ဍတွင် နက်ရှိုင်းသောဆက်နွယ်မှု ရှိကြောင်း၊ အထူးသဖြင့် အနုပညာ၊ လက်မှုပညာ၊ ရိုးရာဓလေ့နှင့် ၀တ်စားဆင်ယင်မှုနယ်ပယ်များတွင် အလားတူအချက်များစွာ ရှိကြောင်း အလေးထားပြောကြားခဲ့သည်။  “လန်ချန်း-မဲခေါင်မြစ်က ကျွန်မတို့ကို မိသားစုကြီးတစ်ခုလို ချိတ်ဆက်ပေးထားတယ်”၊ “လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးယန္တရားက နိုင်ငံအသီးသီးအတွက် အတွေ့အကြုံမျှဝေမှုနဲ့ အကောင်းဆုံးလက်တွေ့ဖော်ဆောင်မှုရဲ့ အဖိုးတန်ပလက်ဖောင်း ပံ့ပိုးပေးတယ်”ဟု သူမက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ မော်လ်ဒိုက် သံအမတ်ကြီး Fazel Najib က "ဒီနေ့ လည်ပတ်ကြည့်ရှုမှုအစီအစဥ်ဟာ အလွန်စိတ်ဝင်စားဖို့ကောင်းတယ်၊ တရုတ်အစိုးရက တိုင်းရင်းသားလူမျိုးစုအားလုံးကို နိုင်ငံတော် တည်ဆောက်ရေးမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်စေဖို့ ဘယ်လို အာမခံချက် ပေးသလဲဆိုတာကို နက်နက်ရှိုင်းရှိုင်း နားလည်သွားပါတယ်။ ဒီလုပ်ထုံးလုပ်နည်းဟာ သိပ်ကို အကြံဉာဏ် ပွင့်လန်းစေတယ်”ဟု ပြောသည်။

အတွေ့အကြုံခန်းမသို့ သွားရောက်လည်ပတ်ပြီးနောက် တရုတ်နိုင်ငံဆိုင်ရာ ကျူးဘားသံရုံးမှ ဒုတာဝန်ခံ Mario က တိုင်းရင်းသားလူမျိုးစုအချို့သည် ဝေးလံခေါင်ဖျားသောဒေသများတွင် နေထိုင်ကြသော်လည်း ၎င်းတို့၏လူနေမှုအဆင့်အတန်းကို တိုးတက်စေရန်အတွက် တရုတ်အစိုးရသည် အမြဲတစေ အစွမ်းကုန် အားထုတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ “တရုတ်ကွန်မြူနစ်ပါတီက ပြည်သူလူထုကို အမြဲဗဟိုထားထားတယ်၊ တရုတ်အမျိုးသား မဟာပြန်လည်အားသစ်လောင်းရေးအတွက် အတူတကွ အကောင်အထည်ဖော်ဖို့ တိုင်းရင်းသားလူမျိုးစု ၅၆ မျိုးကို စည်းလုံးညီညွတ်စွာ စုစည်းထားပါတယ်”ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံမှူးကြီး Effie က အင်ဒိုနီးရှားနိုင်ငံ၏အမျိုးသားဆောင်ပုဒ်မှာ "တူညီချက်များကို ရှာဖွေ၍ ကွဲလွဲချက်များကို ထားရှိရန်" ဖြစ်ရာ ဤအယူအဆသည် တရုတ်နိုင်ငံတွင်လည်း ကောင်းစွာ ထင်ဟပ်ခဲ့ကြောင်း ထုတ်ဖော်သည်။

တရုတ်နိုင်ငံဆိုင်ရာ ရိုမေးနီးယားသံအမတ် Claudiu Florian က ခိုင်မာအားကောင်းသော နိုင်ငံတစ်နိုင်ငံ၏လက္ခဏာမှာ တိုင်းရင်းသားလူမျိုးစုများကို လေးစားရန်နှင့် တိုင်းရင်းသားလူမျိုးစုများ၏ လေးစားမှုကို ရရှိစေရန် ဖြစ်ပြီး တရုတ်နိုင်ငံသည် စံနမူနာပြဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက “တရုတ်ရဲ့ တိုင်းရင်းသားလူမျိုးစု ၅၆ မျိုးဟာ အဖိုးမဖြတ်နိုင်တဲ့ဥစ္စာဓန ဖြစ်တယ်၊ ဒီအချက်ကို နားလည်သဘောပေါက်နိုင်တာက အလွန်ဉာဏ်ပညာကြီးမားပါတယ်”ဟု ပြောသည်။