ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုနှင့် မရေရာမှုများ မြင့်တက်နေစဉ် တံခါးဖွင့်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို မယိမ်းမယိုင် ခိုင်မာစွာ ဆက်လက်ဖော်ဆောင်သွားမည်ဟု တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က မတ် ၂၃ ရက်၌ ကတိပြုခဲ့သည်။ပေကျင်းမြို့တွင် ကျင်းပသည့် တရုတ်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၅ ဖွင့်ပွဲအခမ်းအနား၌ အရေးကြီးမိန့်ခွန်း ပြောကြားစဉ် လီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝန်းမှ စီးပွားရေးလုပ်ငန်းများကို လှိုက်လှဲစွာ ဆက်လက်ကြိုဆိုခြင်း၊ ဈေးကွက်အတွင်း ဝင်ရောက်အခြေချခွင့် တိုးချဲ့ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ၏ စိုးရိမ်မှုများကို တက်တက်ကြွကြွ ကိုင်တွယ်ဖြေရှင်းပေးခြင်း၊ ပြည်ပအထောက်အပံ့ ရယူထားသော စီးပွားရေးလုပ်ငန်းများ တရုတ်ဈေးကွက်အတွင်း ပိုမိုနက်ရှိုင်းစွာ ပေါင်းစည်းမှု အဆင်ပြေစေရန် ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု လီက ဆိုသည်။
မျက်မှောက်ကမ္ဘာတွင် မတည်ငြိမ်မှုနှင့် မရေရာမှုများ မြင့်တက်နေခြင်းတို့နှင့် ယှဉ်တွဲလျက် ကမ္ဘာ့စီးပွားရေး လည်ပတ်လှုပ်ရှားမှုများ အသီးသီးပြန့်ကွဲမှု မြင့်မားလာခြင်းက စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းကာ ဘုံသာယာဝပြောမှု ဖော်ဆောင်ရေးအတွက် ကမ္ဘာ့နိုင်ငံများအနေဖြင့် ၎င်းတို့၏ ဈေးကွက်များကို တံခါးဖွင့်ထားပြီး စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း အရင်းအမြစ်များ မျှဝေရန် ပိုမိုလိုအပ်လာသည်ကို မီးမောင်းထိုးပြနေသည်ဟု တရုတ်နိုင်ငံ ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် လွတ်လပ်သော ကုန်သွယ်ရေးကို ကာကွယ်ထိန်းသိမ်းမည်ဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်များ ချောမွေ့တည်ငြိမ်စွာ လည်ပတ်မှုကို အားဖြည့်ပံ့ပိုးသွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)