တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ဝေ့နန်မြို့နှင့် လာအိုနိုင်ငံ Hua Phan ပြည်နယ်တို့သည် မတ်လ ၆ ရက်က ၂၀၂၅ ခုနှစ် လန်ချန်း-မဲခေါင် ရက်သတ္တပတ်နှင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို အတူတကွ ဂုဏ်ပြုခဲ့ပြီး အမျိုးသမီးလုပ်ငန်းဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့သည်။ နှစ်ဒေသသက်ဆိုင်ရာ ခေါင်းဆောင်များနှင့် အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များ၏ ကိုယ်စားလှယ်များသည် ပျော်ရွှင်စွာ စုဝေးခဲ့ကြပြီး နှစ်ဒေသကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် အွန်လိုင်းမှတစ်ဆင့် နှစ်ဒေသယဉ်ကျေးမှုနှင့် စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် အမျိုးသမီးများ အတူတကွ ချမ်းသာကြွယ်ဝလာစေရန် ဆောင်ရွက်နိုင်မည့်ကဏ္ဍများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားတွင် ဝေ့နန်မြို့မှ ကောက်ရိုးလက်မှုပညာရှင်များသည် "ကောက်ရိုးကို ရွှေကြိုးအဖြစ် ပြောင်းလဲခြင်း" ဟူသောစိတ်ကူးကို တိုက်ရိုက်ပြသခဲ့ကြရာ သမဝါယမမှတစ်ဆင့် တောင်သူလယ်သမားများအား ချိတ်ဆက်ဦးဆောင်မှုပုံစံဖြင့် အမျိုးသမီးများ အိမ်နား၌ပင် အလုပ်အကိုင် ရရှိ၍ “ပြည့်စုံကြွယ်ဝရေးလမ်းကြောင်း”ကို ဖန်တီးပေးခဲ့သည်။ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပန်းထိုးပညာဆက်ခံသူများသည် လျင်မြန်ကျွမ်းကျင်စွာ ပန်းထိုးခြင်းဖြင့် "ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်လုပ်ငန်းခွင်များ + အိမ်တွင် အလုပ်အမှာစာလက်ခံခြင်း" ဟူသော ပြောင်းလွယ်ပြင်လွယ် အလုပ်အကိုင်ပုံစံကို ပြသခဲ့ကြရာ ရိုးရာယဉ်ကျေးမှုကို အသုံးချ၍ အမျိုးသမီးများ၏ ဝင်ငွေတိုးလာစေသောဆန်းသစ်တီထွင်မှုလမ်းကြောင်းကို ပြသခဲ့သည်။ Hua Phan ပြည်နယ်သည်လည်း တစ်ချိန်တည်းမှာပင် ဖွံ့ဖြိုးတိုးတက်မှု၏ အရောင်အဝါများကို ပြသခဲ့သည်- အလှဆင်ထားသော ရိုးရာရက်ကန်းထည်များနှင့် ခေတ်မီဒီဇိုင်းများ ပေါင်းစပ်ခြင်းဖြင့် စိတ်ကူးသစ်များကို ဖန်တီးနိုင်ခဲ့ပြီး ချည်မျှင်အနုပညာ၏ နေထိုင်မှုဘဝတွင် လက်ဆင့်ကမ်းမှုကို ပြသခဲ့သည်။ ထူးခြားသော စိုက်ပျိုးရေးထွက်ကုန်များကို အွန်လိုင်းမှတစ်ဆင့် မိတ်ဆက်ခဲ့ပြီး အစိမ်းရောင်လုပ်ငန်း၏ အလားအလာ ပြသခဲ့သည်။ အခမ်းအနားတွင် တရုတ် လက်ဖက်ရည်ယဉ်ကျေးမှုကို လက်တွေ့ခံစားနိုင်ရန် အထူးအစီအစဉ် စီစဉ်ထားပြီး လက်ဖက်ရည်အနုပညာရှင်များက လက်ဖက်ရည်ကို အကြောင်းပြု၍ ယဉ်ကျေးမှု ဖလှယ်ရေးအတွေးအခေါ်ကို သာယာလှပသောဖျော်ဖြေမှုများဖြင့် ဖော်ပြခဲ့သည်။
ဤအခမ်းအနားသည် "အမျိုးသမီးများ ကုန်ထုတ်လုပ်ငန်း ဖလှယ်မှု"ကို ချိတ်ဆက်မှုအဖြစ် အသုံးပြုကာ ယဉ်ကျေးမှု အပြန်အလှန်လေ့လာမှုနှင့် စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်မှုအားဖြင့် နှစ်ဒေသကြား ချစ်ကြည်ရေးကို တစ်ဆင့်တိုးတက်စေခဲ့သည်။ တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်း နက်ရှိုင်းစွာ တည်ဆောက်ရာတွင် ဉာဏ်ပညာနှင့် အင်အားပံ့ပိုးကူညီပေးရန်အလို့ငှာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရားကို အခြေခံ၍ ထူးခြားသော လက်မှုပညာ၊ စိုက်ပျိုးရေးထွက်ကုန် ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုခရီးသွားလုပ်ငန်း ပေါင်းစပ်မှု စသည့်နယ်ပယ်များတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးချဲ့သွားမည် ဖြစ်ပြီး ပိုမိုများပြားသော အမျိုးသမီးများအား စီးပွားရေး လွတ်လပ်မှုနှင့် လူမှုရေးတန်ဖိုးများ ဖော်ဆောင်ရန် အထောက်အပံ့အင်အားပေးမည်ဖြစ်ကြောင်း နှစ်ဖက်စလုံးက တညီတညွတ်တည်း ထုတ်ဖော်ပြောဆိုခဲ့သည်။