လန်ချန်း- မဲခေါင် အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်သည့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုသင်တန်း မြန်မာနိုင်ငံတွင် စတင် ဖွင့်လှစ်

Xinhua, March 14, 2025
Size:

နေပြည်တော်တွင် ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်မှုအားတွေ့ရစဥ် (ဓာတ်ပုံ- သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန)

လန်ချန်း- မဲခေါင်အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်သည့်ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုသင်တန်း Digital Skill Up Training (TOT) ကို မြန်မာနိုင်ငံ နေပြည်တော်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက စတင် ဖွင့်လှစ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများက မတ် ၁၁ ရက်၌ ထုတ်ပြန်သော သတင်းအရ သိရသည်။

ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ အသိပညာ၊ အတတ်ပညာ၊ စွမ်းဆောင်ရည်များ တိုးတက်ကောင်းမွန်လာစေရန်နှင့် လျင်မြန်စွာပြောင်းလဲနေသည့် ဒစ်ဂျစ်တယ် နည်းပညာများကို ထိရောက်စွာအသုံးပြုနိုင်ရေးအတွက် ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာသည် စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် လိုအပ်သည့် နည်းပညာတစ်ခုဖြစ်သောကြောင့် ယခုသင်တန်းမှ ရရှိသည့် အသိပညာဗဟုသုတများကို တိုင်းဒေသကြီး/ပြည်နယ်များတွင်ရှိသော MSMEs လုပ်ငန်းရှင်များအား ပြန်လည် မျှဝေပေးကြရန်နှင့် လက်တွေ့လုပ်ငန်း ခွင်နယ်ပယ်တွင်လည်း ပြန်လည်အသုံးချကြရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှ အရာထမ်း၊ အမှုထမ်း (၅၀)ဦးအား ဌာနမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် e-Commerce Website ကို အသုံးပြုနိုင်မည့် Function များ၊ ဌာန၏ လုပ်ငန်းမှတ်ပုံတင်အား Online မှ လျှောက်လွှာတင်နည်းများနှင့် အသုံးပြုနိုင်မည့် Function များ၊ Cyber Security နှင့် စပ်လျဉ်း၍သိကောင်းစရာများ၊ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကိုစာတွေ့ လက်တွေ့ ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)