တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ နှစ်ပတ်လည်အစည်းအဝေး ပေကျင်းမြို့၌ စတင်ကျင်းပ

CGTN, March 7, 2025
Size:

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ နှစ်ပတ်လည် အစည်းအဝေးကို မတ်လ ၄ ရက်နေ့ ညနေ ၃ နာရီတွင် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး၌ စတင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်အရင်းအမြစ် စသဖြင့် နယ်ပယ် ၃၄ ခုမှ ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင် ၂၁၀၀ ကျော် တက်ရောက်ကြပြီး တရုတ်အသွင်ပုံစံ ခေတ်မီမှုဆိုင်ရာ ရည်မှန်းချက်တာဝန်များတွန်းအားပေးရေးကို အာရုံစိုက်၍ တာဝန်ထမ်းဆောင်ခြင်း၊ အကြံဉာဏ်များတင်ပြခြင်းတို့ ဆောင်ရွက်ကြသည်။

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်သည် တရုတ်နိုင်ငံ၏ အခြေခံ နိုင်ငံရေး စနစ်တစ်ရပ် ဖြစ်သည်။ ၎င်းသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် နိုင်ငံရေး ပါတီအသီးသီး၊ ပြည်သူ့အသင်းအဖွဲ့အသီးသီး၊ လူနည်းစုတိုင်းရင်းသားအသီးသီးနှင့် လူမှုနယ်ပယ် အသီးသီးတို့မှ ကိုယ်စားလှယ်များက နိုင်ငံတော်၏ အရေးကြီးမူဝါဒ၊ အစီအမံများ နှင့်စပ်လျဉ်း၍ ဒီမိုကရေစီနည်းကျ တိုင်ပင်ဆွေးနွေးကြသော စနစ် တစ်မျိုးဖြစ်သည်။ ဤစနစ်သည် တရုတ်နိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုဘဝများတွင် ဖြစ်စဉ် တစ်ရပ်လုံး ပြည်သူ့ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးသည့် အရေးကြီးသောပုံစံဖြစ်ပြီး အမျိုးသား စီမံအုပ်ချုပ်ရေးစနစ်၏ အရေးကြီးအစိတ်အပိုင်း ဖြစ်သည်။ ၎င်း၏ ထူးခြားသော အားသာချက်သည် အဘက်ဘက်မှ ဉာဏ်ပညာနှင့် ခွန်အားများကို ကျယ်ကျယ်ပြန့်ပြန့် စုစည်းနိုင်ပြီး မတူကွဲပြားသော အသိုက်အဝန်းများအကြား ချိတ်ဆက်ဆောင်ရွက်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်ခြင်း ဖြစ်သည်။ ဤစနစ်မှတစ်ဆင့် ဒီမိုကရေစီ ပါတီအဖွဲ့အစည်းများ၊ ပြည်သူ့အသင်းအဖွဲ့များနှင့် နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များသည် နိုင်ငံတော်အရေးကိစ္စများ ဆွေးနွေးမှုနှင့် ဆုံးဖြတ်ချက်ချမှုများတွင် တက်တက်ကြွကြွ ပါဝင်လာပြီး နိုင်ငံရေးပါဝင်မှု စုံလင်ကွဲပြားမှုနှင့် ဒီမိုကရေစီနည်းကျကျ ညှိနှိုင်း ဆွေးနွေးမှုတို့ကို ပုံမှန်လုပ်ဆောင်နိုင်ကြသည်။ ဤစနစ်သည် လုပ်ငန်းကြီးများကို အင်အား စုစည်း၍ လုပ်ဆောင်နိုင်ခြင်းနှင့် ကဏ္ဍအသီးသီးမှ အကျိုးစီးပွားဆိုင်ရာ တောင်းဆိုချက်များကို အပြည့်အဝထင်ဟပ်စေနိုင်ခြင်းတို့ကြောင့် ဆုံးဖြတ်ချက်များ၏ သိပ္ပံနည်းကျမှုနှင့် ဒီမိုကရေစီဆန်မှုကို အာမခံချက်ပေးနိုင်ပါသည်။

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီသည် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံစနစ်ကို ကျင့်သုံးသည့် ပြည်လုံးဆိုင်ရာအဖွဲ့အစည်းဖြစ်ပြီး ၎င်းကို တရုတ်ကွန်မြူနစ်ပါတီ၊ ဒီမိုကရေစီပါတီအဖွဲ့အစည်းအသီးသီး၊ တသီးပုဂ္ဂလများ၊ ပြည်သူ့အသင်းအဖွဲ့များ၊ လူနည်းစုတိုင်းရင်းသားအသီးသီးနှင့် နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များ၊ ထိုင်ဝမ်မွေးချင်းပေါက်ဖော်များ၊ ဟောင်ကောင်နှင့်မကာအို မွေးချင်းပေါက်ဖော်များနှင့် နိုင်ငံရပ်ခြားမှပြန်လာသည့်တရုတ်နွယ်ဖွား ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသူများဖြင့် ဖွဲ့စည်းထားပြီး အဓိကတာဝန်များမှာ နိုင်ငံရေး ညှိနှိုင်းဆွေးနွေးခြင်း၊ ဒီမိုကရေစီနည်းကျ စောင့်ကြည့်ခြင်းနှင့် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခြင်း တို့ဖြစ်သည်။

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ သက်တမ်းမှာ ငါးနှစ်တစ်ကြိမ် ဖြစ်ပြီး နှစ်စဉ် စုံညီအစည်းအဝေးတစ်ကြိမ် ကျင်းပလေ့ရှိသည်။ ယခုနှစ်သည် ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ၏ တတိယ အကြိမ်အစည်းအဝေး ဖြစ်သည်။ ယခုနှစ်ပတ်လည်အစည်းအဝေး ကာလအတွင်း နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီဝင်များသည် ထူးချွန်သူများ၊ ဉာဏ်ပညာများ စုစည်းစွာ ရှိနေသည့် အားသာချက်ကို ဆက်လက်ဖော်ထုတ်ပြီး ဘက်စုံ နက်ရှိုင်းစွာပြုပြင်ပြောင်းလဲမှု မြှင့်တင်ရေး၊ အရည်သွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တရုတ်အသွင်ပုံစံခေတ်မီမှု မြှင့်တင်ရေး စသည့် အရေးကြီးအကြောင်းအရာများကို အာရုံစိုက်၍ အကြံဉာဏ်များ ပေးအပ်သွားမည်ဖြစ်သည်။