မြန်မာနိုင်ငံက အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အာဆီယံ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Xinhua, March 5, 2025
Size:

မြန်မာနိုင်ငံ နေပြည်တော်တွင် “ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပနေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

မြန်မာနိုင်ငံက “ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” ကို နေပြည်တော်တွင် ဖေဖော်ဝါရီ ၂၆ ရက်က စတင်ကျင်းပခဲ့ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်ထုတ် ကြေးမုံသတင်းစာအရ သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် အစိုးရ ပြောရေးဆိုခွင့်ရှိသူများ တတ်ကျွမ်းမှုနှင့် စိန်ခေါ်မှု၊ သက်ဆိုင်ရာနိုင်ငံအလိုက် အစိုးရပြောရေး ဆိုခွင့်ရှိသူများ၏ အခန်းကဏ္ဍ၊ မီဒီယာအခင်းအကျင်းနှင့် သတင်းတုသတင်းမှား ကိုင်တွယ်ဖြေရှင်းမှုပုံစံများကို နိုင်ငံအလိုက် တင်ပြဆွေးနွေးခဲ့ကြကြောင်း သတင်း၌ ဖော်ပြထားသည်။
ထို့ပြင် ဆွေးနွေးပွဲတက်ရောက်လာကြသူများက လူထုနှင့် ဆက်သွယ်သတင်းစကားပေးခြင်းနှင့် သုတေသနပြုခြင်းဆိုင်ရာ အကြောင်းအရာများ၊ အသံတည်းဖြတ်ခြင်းဆိုင်ရာ၊ မီဒီယာနှင့် ဆက်သွယ်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ တွေ့ဆုံမေးမြန်းခြင်းနှင့် ချိတ်ဆက်ဆက်သွယ်ခြင်း ဆောင်ရွက်ရာတွင် သတိပြုရမည့်အချက်များ စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို အာဆီယံပြန်ကြားရေး ဆပ်ကော်မတီ၏ စီမံကိန်းတစ်ခုအဖြစ် အာဆီယံယဉ်ကျေးမှု ရန်ပုံငွေအထောက်အပံ့ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီစဉ်ကျင်းပခြင်းဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲအား အာဆီယံဒေသတွင်းရှိ အစိုးရပြောရေးဆိုခွင့်ရှိသူများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဖြင့် မီဒီယာနှင့် အစိုးရတာဝန်ရှိသူများအကြား ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုနိုင်ရန်၊ အဓိကကျသည့် သတင်းစကားများ ဖြန့်ဖြူးပေးပို့နိုင်ရန်နှင့် အစိုးရနှင့်ပြည်သူလူထုအကြား ယုံကြည်မှုတည်ဆောက်ရန်သာမက အကျပ်အတည်း အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လိုအပ်သောကျွမ်းကျင်မှုနှင့် အသိပညာများဖလှယ်နိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။
ထိုအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ အာဆီယံအဖွဲ့ဝင် ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာ၊ လာအိုနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ဆွေးနွေးပွဲလေ့လာသူအဖြစ် ဂျပန်နိုင်ငံမှကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ကြကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲကို ဖေ‌ဖော်ဝါရီ ၂၈ ရက်အထိ သုံးရက်ကြာကျင်းပမည်ဖြစ်သည်။ (Xinhua)